မြန်အောင်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများကို စားသောက်ကုန်များ လှူဒါန်း
ကိုကိုကြည်
·
June 14, 2020
ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ ပြည်သူ့ဆေးရုံကြီးက အောက်ခြေ ကျန်းမာရေးဝန်ထမ်းတွေကို ဇွန် ၁၂ ရက်နေ့က မြန်အောင်အခြေစိုက် ကြယ်ငါးကောက်သူများအဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ငါးသေတ္တာ၊ ကြက်ဥနဲ့ ခေါက်ဆွဲခြောက်တွေ လှူဒါန်းခဲ့ပါတယ်။
ကြယ်ငါးကောက်သူများ အဖွဲ့အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ၁၀၀ ကျော်နဲ့ စည်ပင်အောက်ခြေဝန်ထမ်းတွေကိုလည်း ပြီးခဲ့တဲ့ အပတ်တွေက အခုလို လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် စောင့်ကြည်စခန်းတွေမှာ နေထိုင်တဲ့ စောင့်ကြည့်နာတွေကို ဖျော်ဖြေရေး အစီအစဉ်တွေလည်း မြန်အောင်၊ ကနောင်၊ လက်ပကွင်းနဲ့ အင်ပင်စောင့်ကြည့်စခန်းတွေမှာ ပြုလုပ်ခဲ့ပါတယ်။
မြန်အောင်မြို့နယ်ထဲမှာ ဇွန်လ ၁၃ ရက်နေ့ထိ စောင့်ကြည့်စခန်း ၂၁ ခုမှာ စောင့်ကြည့်လူနာ ၃၈ ဦးရှိပါတယ်။
အဲဒီလူနာတွေအထဲက ၁၈ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ဇွန် ၈ ရက်နေ့က ရန်ကုန်ကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ဘူးလို့ မြန်အောင်မြို့ ပြည်သူ့ဆေးရုံကြီး ကျန်းမာရေး ဌာနက ပြောပါတယ်။