ပြင်ကောက်ကျေးရွာ သန္တာကျောက်တန်း မပျက်စီးစေရန် ဒေသန္တရအမိန့်ထုတ်ပြန်
DVB
·
June 13, 2020
မာန်အောင်မြို့နယ် ပြင်ကောက်အုပ်စု ပြင်ကောက်ကျေးရွာ ကမ်းခြေတလျှောက်မှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ သန္တာကျောက်တန်းတွေ မပျက်စီးစေဖို့ မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့်ကို ဇွန် ၉ ရက်နေ့က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
အခုလို သန္တာကျောက်တန်း မပျက်စီးစေဖို့အတွက် ဒေသန္တရအမိန့် ထုတ်ပြန်ချက်ကို ကြိုဆိုမှု ပြုလုပ်ပေမယ့် အဲဒီကျေးရွာအတွင်း တပိုင်တနိုင် ငါးဖမ်းအသက်မွေးသူတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်လာမှာကိုတော့ စိုးရိမ်မိကြောင်း ဒေသခံ ကိုအောင်မြင့်သူက ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရ ထုတ်ပြန်ချက်ကို ကျနော်တို့ ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒီသဘာဝသန္တာကျောက်တန်းဆိုတာကို ထိန်းသိမ်းဖို့ဆိုတာက တော်တော်အရေးပါတဲ့ အရာတခုပါ။ ဒါပေမဲ့ အရင်အဆက်ဆက်က ဒီနေရာ ဒီဒေသမှာ တပိုင်တနိုင် ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဒေသခံတွေ ရှိတယ်။ အခု ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ငါးရှာထွက်ဖို့ အခက်အခဲဖြစ်လာမှာတော့ အသေအချာပဲ။ စားဝတ်နေရေးလည်း အခက်တွေ့လာမယ်။ ဒါကြောင့် ဒေသခံ လိုအပ်ချက်နဲ့ အစိုးရ ထုတ်ပြန်ချက် နှစ်ဖက်တွေ့ပြီး ဆွေးနွေးဖို့တော့ လိုအပ်မယ်ထင်တယ်။”
အဲဒီထုတ်ပြန်ချက်မှာ သန္တာကျောက်တွေကို ချိုးဖဲ့တာ၊ ဖျက်ဆီးတာ၊ ယူဆောင်တာ၊ တက်နင်းတာ၊ လာရောက်ကြည့်သူတွေအနေနဲ့ သတ်မှတ်နေရာမှသာ ကြည့်စေတာ၊ ကမ်းခြေအတွင်း အရက်သေစာ သောက်စားတာ၊ သန္တာကျောက်တန်း တည်ရှိရာမှာ ငါးမိုင်းခွဲတာ၊ ဆေးချတာ၊ ငါးဖမ်းတာနဲ့ ကမ်းခြေအတွင်း ခွင့်ပြုချက်မဲ့ တဲထိုးတာ၊ ဆိုင်ခန်းရောင်းချတာနဲ့ လာရောက်သူတွေအနေနဲ့ ဂေဟစနစ်မပျက်စီးဖို့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာ စတဲ့အချက်တွေ ပါရှိပါတယ်။
အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ချိုးဖောက်မှု တစုံတရာ လုပ်ဆောင်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်မှာဖြစ်သလို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒေသန္တရအမိန့် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မာန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ခရီးသွားနေတာကြောင့် ပြန်လည်ဖြေကြားချက် မရရှိခဲ့ပါဘူး။
ပြင်ကောက်ကျေးရွာ သန္တာကျောက်တန်းမှာ ခန့်မှန်း ဧက ၃ ဧကကျော် ကျယ်ဝန်းပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် တည်ရှိနေတာကို ဒေသခံတွေ သိရှိနေကြပေမယ့် အခုနှစ် မေလ အစပိုင်းမှ သန္တာကျောက်တန်း ဓာတ်ပုံတွေ အွန်လိုင်းပေါ် တင်လာတာကြောင့် အများပြည်သူ စိတ်ဝင်စားလာပြီး လာရောက်ကြည့်ရှုသူ နေ့စဉ် လူဦးရေ ၁၀၀ ကျော်အထိ ရောက်ရှိလာတာပါ။
ယူမင်းစိုး