ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများကို အရေးယူပေးရန် မောင်တော၌ ဆန္ဒပြ
DVB
·
June 12, 2020
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒီကနေ့ ဇွန်လ ၁၂ ရက် နေ့လည် ၁ နာရီမှာ မောင်တောဒေသခံတစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက မောင်တောမြို့မအားကစားကွင်းက စတင်ပြီး မြို့တစ်ပတ်လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာကပ်ရောဂါဖြစ်ပွားနေချိန်မှာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ တရားမဝင် ခိုးဝင်လာသူတွေအထဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူ ၅ ဦးအထိရှိလာပေမဲ့ အာဏာပိုင်တွေက အရေးယူခြင်းမရှိတဲ့အတွက် ဆန္ဒထုတ်ဖော်တာလို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ကနေ ခိုးဝင်လာသူတွေကို နယ်စပ်တစ်လျှောက် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံဝန်ထမ်းတွေက အရေးယူခြင်းမရှိတဲ့အတွက် ဆန္ဒထုတ်ဖော်တာလို့လည်းဆိုပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ တရားမဝင် ခိုးဝင်သူတွေကို တားဆီးပေးရေး၊ မောင်တောနယ်စပ်လုံခြုံမှုရရှိရေး၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ဥပဒေနဲ့အညီ အရေးယူပေးရေးနဲ့ နယ်စပ်လုံခြုံရေးတာဝန်ကျသူတွေကို တာဝန်လစ်ဟင်းမှုအတွက် အရေးယူပေးရေး ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။
လင်းလက်