ပုဂံဒေသတွင် ဌာပနာဖောက်ခံနေရသည့် စေတီများ ရှေးဟောင်းစေတီမဟုတ်ကြောင်း စိစစ်တွေ့ရှိ
DVB
·
June 11, 2020
ညောင်ဦးခရိုင် ပုဂံရှေးဟောင်းဇုန်အတွင်း ဌာပနာဖောက်ခံရတဲ့ စေတီတွေဟာ ရှေးဟောင်းစေတီတွေမဟုတ်ဘူးလို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။
“စေတီတွေက ၁၉၉၇ ခုနှစ်နောက်ပိုင်းမှာ အလှူရှင်တွေရဲ့ အလှူငွေနဲ့ သက်ဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှုဌာနကနေ ကြီးကြပ်ပြီး များသောအားဖြင့် အုတ်ပုံတွေပြန်ပြီးတော့ တည်ခဲ့တဲ့ဘုရားအသစ်တွေဖြစ်ပါတယ်။ အသစ်တွေဖြစ်လို့ ဌာပနာတွေကလည်း ရှေးဟောင်းလက်ရာတွေ မဟုတ်ပါဘူး။ ဒီခေတ် လက်ရာ ဌာပနာတွေဖြစ်ကြောင်း စိစစ်တွေ့ရပါတယ်။ နေရာတွေကလည်း လူအရောက်အပေါက်နည်းတဲ့ ဘုရားငယ်တွေဖြစ်ပါတယ်။ အထင်ကရ ဘုရားတွေကတော့ လုံခြုံရေးရှိပြီးသားဖြစ်တဲ့အတွက် စိတ်ချရပါတယ်”လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။
တိုင်းအစိုးအဖွဲ့လမ်းညွှန်ချက်နဲ့ လုံခြုံရေး အထူးဆောင်ရွက်နေပြီး ရှေးဟောင်း သုတေသန၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တို့က နေ့ည လှည့်ကင်းဝတ်ကင်းဆောင်ရွက်နေသလို နေ့ဘက်မှာလည်း အရန်မီးသတ်၊ ဧည့်လမ်းညွှန်များအသင်းတို့က လုံခြုံရေး ဆောင်ရွက်နေပါတယ်။
မနေ့ ကလည်း ရဲတပ်ရင်း ၃၅ က အင်အား ၇၀ နဲ့လာရောက် ပူးပေါင်းပေးတဲ့အတွက် လုံခြုံရေးတိုးမြှင့်ဆောက်ရွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပုဂံရှေးဟောင်းဇုန်အတွင်း ဇွန် ၈ ရက်မှ ၁၀ ရက်အတွင်း စေတီ ၃၃ ဆူဌာပနာ ကွမ်းတောင်တွေမှာ ဖောက်ထားတာတွေရပြီးနောက်မှာ ရှေးဟောင်းနံရံဆေးရေးပန်းချီတွေရှိတဲ့ လောကထိပ်ပန် ဘုရားမုဒ်ဝ ကာရံထားတဲ့ ဝါးယင်းလိပ်ကိုလည်း ဇွန် ၉ ရက်နေ့က မီးရှို့မှု ဖြစ်ခဲ့ပါတယ်။
ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က “လေ့လာကွင်းဆင်းချက် မှတ်တမ်းအရဆိုရင် ဘုရား ၅ ဆူသာ လတ်တလော ဖောက်ထားတာ၊ ၁၀ ဆူလောက်က လွန်ခဲ့တဲ့ လအနည်းငယ်က ဖောက်ထားတာ ဘာလို့လဲဆိုရင် ဌာပနာပစ္စည်းယူသွားတဲ့ အပေါက်မှာ ငှက်သိုက်တို့ မြွေရေခွံတို့ကိုတွေ့တော့ ဒါသေချာတယ် လောလောလတ်လတ် ဖြစ်တာမဟုတ်ဘူး။ ကျန်တဲ့ ၂၃ ဆူ ဘုရားတွေက စတည်ကတည်းက ဌာပနာထည့်ဖို့ အပေါက်သာပါပြီး ထည့်သွင်းထားတာ မရှိသေးတာ၊ ဒါကိုဘာကြည့်ရလဲဆိုတော့ အလှူရေစက်ချ ဌာပနာပိတ်သွင်းလုပ်ငန်းအထိ ဆောက်ရွက်နိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။
ဌာပနာဖောက်ခံရတဲ့ ဖြစ်စဉ်အားလုံးကို ပုဂံရဲစခန်းမှာ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၄ နဲ့ အမှုဖွင့်ထားပြီး တရားခံတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
သတင်း- ကိုလင်း(ချောက်)