မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ထွက်ပေါက်များမှ ဝင်ရောက်လာသူများကို အရေးယူမည်
DVB
·
June 11, 2020
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ထွက်ပေါက်တွေကနေ ဝင်ရောက်လာသူ တွေနဲ့ တရားမဝင် ဝင်ရောက်ကြောင်းသိလျက်နဲ့ လက်သင့်ခံသူတွေ ဥပဒေနဲ့အညီ အရေးယူ ခံရမယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ ၁၀ ရက်နေ့စွဲနဲ့ အသိပေးကြေညာလိုက်ပါတယ်။
ပြည်ပကနေ ပြန်ဝင်လာချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင် နယ်စပ်ဂိတ်တွေ ကသာ ဝင်ရောက်စေဖို့နဲ့ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခံယူစေဖို့ အကြောင်းကြားထားပေမဲ့ တရားဝင်လက်ခံရေးစခန်းမရှိတဲ့ နယ်စပ်ဝင်ပေါက်တွေကနေ ဝင်ရောက်လာသူတွေရှိနေတဲ့အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဟန့်အတား ဖြစ်ပေါ်စေနိုင်တဲ့အပြင် ရောဂါပြန့်ပွားမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် ခုလို အရေးယူဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှာ ထိုင်းကပြန်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မြဝတီအမှတ်(၂) ချစ်ကြည်ရေး တံတားကနေ အစိုးရက ကျန်းမာရေးစစ်ဆေးပေးပြီး တရားဝင် ပြန်လာခွင့်ပြုထားပေမဲ့ ဘောဂိတ်၊ မိုးကုတ်ဂိတ်၊ ဆီးဂဲလ်ဂိတ်စတဲ့ တရားမဝင်နယ်စပ် ဂိတ်တွေကနေလည်း ပြန်ဝင်လာသူတွေရှိနေတာပါ။
အလားတူ တရုတ်-မြန်မာနယ်စပ်မှာလည်း တရားမဝင်ပြန်လာသူတွေရှိနေပြီး ကိုဗစ်-၁၉ ရောဂါ ဘယ်ကစတင်ကူးစက်မှန်းမသိသူတွေလည်း ရှိနေပါတယ်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာလိုတဲ့ နိုင်ငံသားတွေကို အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ တရားဝင် လက်ခံရေးစခန်းတွေ ဖွင့်လှစ်၊ စနစ်တကျလက်ခံပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အစိုးရက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ထိုင်း-မြန်မာနယ်စပ် မြဝတီအမှတ်(၂) ချစ်ကြည်ရေး တံတားမှတဆင့် တရားဝင်ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၄၆၃၄ ဦးရှိတယ်လို့ အစိုးရပြန်ကြားရေးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ကပ်ဘေးကာလ ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၃၄၀၀ နီးပါးကိုလည်း ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်ခေါ်ယူခဲ့ပါတယ်။