ပဲခူးတိုင်း အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း လျှောက်လွှာများ စတင်ထုတ်ပေးနေ
DVB
·
June 10, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ မြို့နယ်ပါတီရုံးတွေမှာ စတင် ထုတ်ပေးနေပါတယ်။
ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ အဓိကအနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ ယုံကြည်အားပေးထောက်ခံမှုရရှိသူတွေကို ရွေးချယ်သွားမယ်လို့ ပဲခူးတိုင်း အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးသိန်းဒန်က ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဖွဲ့ချုပ်မှာ အင်တိုက်အားတိုက် လုပ်ကိုင်ခဲ့တဲ့သူတွေနဲ့ အဖွဲ့ချုပ်ကို အစဉ်တစိုက်အားပေးထောက်ခံသူတွေပဲ လျှောက်လွှာ တင်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီကနေ ထုတ်ပယ်ခံရသူတွေ၊ နုတ်ထွက်ထားသူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်သွင်းခွင့်ပြုမှာမဟုတ်သလို ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့ စည်ပင်ရွေးကောက်ပွဲတွေမှာ အန်အယ်လ်ဒီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေနဲ့ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သူတွေကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကို မြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင်တွေကနေ တင်မြှောက်ထားတဲ့ မြို့မိမြို့ဖတွေကနေ စိစစ်ပြီး တိုင်းအဆင့်ကိုတင်ရမှာပါ။
ဒီနောက် ဗဟိုရွေးချယ်ရေးအဖွဲ့ကနေမှတဆင့် ဗဟိုအဖွဲ့ချုပ်ကို တင်ပြကာ အဆင့်ဆင့်တင်ပြလာတဲ့မှတ်ချက်တွေအပေါ် ဗဟိုအဖွဲ့ချုပ်ကနေ ထပ်မံစိစစ်ပြီး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီက ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို ဇွန်လ ၈ ရက်မှ ၁၂ ရက်အထိ ထုတ်ပေးမှာဖြစ်ပြီး အဲဒီလျှောက်လွှာတွေကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ အလုပ်အမှုဆောင်အဖွဲ့တွေဆီကို တင်ပြရမှာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်တွေကတဆင့် ဗဟိုရွေးချယ်ရေးအဖွဲ့ထံကို ဇွန်လကုန်လောက်မှာ အပြီး စိစစ်ပြီး တင်ပေးရမှာဖြစ်တယ်လို့သိရပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ အဓိက ပြိုင်ဘက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ထူးထူးခြားခြား မူဝါဒတွေချမထားဘဲ အကောင်းဆုံး အလုပ်လုပ်နိုင်သူတွေကိုပဲ အကောင်းဆုံးရွေးချယ်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြို့နယ်အလုပ်အမှုဆောင် ၁၅ ဦးရဲ့ စာရင်းနဲ့ အရင်လုပ်ခဲ့တဲ့ ကိုယ်စားလှယ် ၄ ဦးရဲ့ စာရင်းတွေကိုပဲ ဌာနချုပ်ကို တင်ပြထားပြီး ပါတီဌာနချုပ်ရဲ့ အဆုံးအဖြတ်သာ အဓိကဖြစ်တယ်လို့ ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမင်းခန့်ကျော်က ပြောပါတယ်။
အောင်စိုးမိုး