Homeမြန်မာသတင်း
မန္တလေးတွင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူဖမ်းမိသည့် အေအေတပ်ဖွဲ့ဝင်များကို စွဲချက်တင်
မန္တလေးတွင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူဖမ်းမိသည့် အေအေတပ်ဖွဲ့ဝင်များကို စွဲချက်တင်
DVB
·
June 9, 2020
မန္တလေးမြို့မှာ ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ အေအေတပ်ဖွဲ့ဝင်ဆိုသူတွေကို ဇွန်လ ၉ ရက်နေ့က မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး အကြမ်းဖက်ဥပဒေနဲ့ စွဲချက်တင်အမိန့်ချခဲ့ပါတယ်။
အေအေတပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်တဲ့ မိုးကျော် (ခ) ဦးမိုးကျော် နဲ့ ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)/၅၂(က) တို့နဲ့ တရားစွဲတင်ခဲ့ကာ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးနောက်မှာ စွဲချက်တင်ခဲ့တာပါ။
တရားခံအားလုံးကို စွဲချက်တင်ခဲ့တာဖြစ်ပြီး ပြန်ခေါ်သက်သေ ၂ ဦး ခေါ်ထားတယ်လို့ မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်ကျော်မိုးက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး တရားခံပြေးသုံးဦးဖြစ်တဲ့ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုးနဲ့ မဦးသန်းခင်တို့ကို ဖမ်းဆီးရမိတာမရှိသေးတဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
စွဲချက်တင်တာဟာ အပြစ်ပေးတာမဟုတ်တဲ့အတွက် ကိုယ်တိုင်သေချာအောင် ထုချေရမှာဖြစ်တယ်လို့ ကိုကျော်ကျော်ဖြိုးရဲ့ ရှေ့နေက တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ပြောပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ အေအေတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာလ ၁၀ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေနဲ့ အတူ Satellite Phone တွေ၊ ယမ်းတုံးတွေ ၊ ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဒီတိုနီတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။ ဒီအမှုကို ဇွန်လ ၂၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။
သတင်း- နိုင်လင်းဦး