ရွှေကူမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ
DVB
·
June 9, 2020
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ငွေကျပ် သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက် ညပိုင်းက ရွှေကူမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ သက်သေတွေနဲ့အတူ ရွှေကူမြို့နယ်၊ မန္တလေး-ဗန်းမော်သွားကားလမ်းမှာ ယာဉ်တွေကို စစ်ဆေးခဲ့ပါတယ်။
ငါးအိုးရွာဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို မဘိမ်းမြို့နယ်၊ ငါးအိုးရွာမှာနေထိုင်တဲ့ စိုးအောင်မောင်းနှင်ပြီး မြင့်သူထွန်း(ခ)မြင့်သူနဲ့ မောင်ဇော်တို့ လိုက်ပါလာတဲ့ယာဉ်ကို စစ်ဆေးရာမှာ ပါလာတဲ့ ဆာလာအိတ်တွေထဲက ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၈ ဒသမ ၁၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၁၂ သိန်း)နဲ့ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၇၅ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၁၀၇၈၇) တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ကို ရွှေကူမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေပါတယ်။
ဓာတ်ပုံ- CCDAC