ဓာတ်ခွဲနမူနာ ၇၄၀ ခုကို စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့ရှိ
DVB
·
June 9, 2020
ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၄၀ ခုကို ဒီကနေ့ ဇွန်လ ၉ မနက်က စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၇၇ ခု နဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၆၃ ခု စုစုပေါင်း ၇၄၀ ခုတို့အား ဒီကနေ့မနက်က စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် မတွေ့ရှိရတာပါ။
မနေ့ညကတော့ မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်ပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မေလ ၉ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၅၉ ဦးရှိပြီး ဒီအထဲက ၁၃၈ ဦး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
PHOTO -Theingi Win Myat