Homeမြန်မာသတင်း
မိုင်းဆတ်မြို့နယ်၌ ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် သေနတ် ၁ လက် ဖမ်းမိ
မိုင်းဆတ်မြို့နယ်၌ ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် သေနတ် ၁ လက် ဖမ်းမိ
DVB
·
June 8, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာမှာ သေနတ် တစ် လက်နဲ့ ကျပ်သိန်း ၁၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်တပ်ဖွဲ့က ပြောပါတယ်။
မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ပူနားကိုကျေးရွာနေ အာစေး(ခ)အားဆူ(ခ)အားလွန် အသက် (၄၃) နှစ်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့စု ၂၉ တပ်ဖွဲ့က ဇွန် ၆ ရက် မွန်းတည့် ၁၂ နာရီလောက်က ရှာဖွေဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။
သံသယတရားခံ အားလွန်ကို နေအိမ်မှာ အသင့်တွေ့ရှိရပြီး အိပ်ခန်းမျက်နှာကျက်အပေါ် ရောင်စုံကွက်ကြား ဆာလာအိတ်အတွင်းမှ အလေးချိန် ၃၃၀ ဂရမ်ခန့်စီပါ ဘိန်းဖြူဘလောက်တုံး ၁၅ တုံး၊ ကျပ်သိန်း ၁၈၄၂ သိန်းတန်ဖိုးရှိ လက်ဖက်ခြောက်အိတ်တွေထဲ ထည့်ထားတဲ့ ကက်တမင်းအဖြူရောင်အခဲအထုပ်တွေ၊ ရုရှားနိုင်ငံထုတ် အရှည် ၃၈ လက်မခန့် ပြောင်းရှည်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄ ထောင့်၊ ထိုင်းဘတ်ငွေ ၂ သိန်း၊ ရွှေအို ရောင်ဟန်းဖုန်း ၁ လုံးတို့ကို သိမ်းဆည်းမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စုမှ ဒုတိယရဲမှူး မျိုးခိုင်က ပြောပါတယ်။
"တာချီလိတ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိ တရားခံ စိုင်းခမ်းဖိုင်ရဲ့ထွက်ဆိုချက်ပါ။ ကွင်းဆက်တရားခံဖြစ်ပါတယ်၊ စုစုပေါင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိတန်ဖိုး ကျပ်သိန်း ၁၈၄၂ သိန်း ကို ဖမ်းဆီးနိုင်ခဲ့တာပါ။”'
ပူနားကိုကျေးရွာဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချရာမှာ ကျော်ဇောတဲ့ ဒေသတခုဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းကလည်း တပ်မတော်စစ်ကြောင်းတွေက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိတဲ့ အာစေး(ခ)အားဆူ(ခ)အားလွန်ကို မိုင်းတွမ်းနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ) တွေနဲ့ အရေးယူထားပါတယ်။
သတင်း- အောင်ဇေယျ