တာချီလိတ်မြို့နယ်တွင် လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 6, 2020
တာချီလိတ်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီတို့က မနေ့က ထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဇွန် ၃ ရက် ညနေပိုင်းက ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ Nissan Diesel အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်နဲ့ မင်းမင်းလတ် မောင်းနှင်လာတဲ့ Nissan Diesel အမျိုးအစား ၆ ဘီး မော်တော်ယာဉ်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ သုံးတဲ့ အမှုန့်ကြိတ်စက် ၁ လုံး၊ BLOMYUI စာတန်းပါ အခြောက်ခံစက် ၁လုံး၊ တရုတ်စာတန်းတွေပါတဲ့ တံဆိပ်ရိုက်စက် ၁ လုံး၊ လက်ကိုင်စတီးချိုင့် ၄ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားထည့်တဲ့ အိတ်အသေး ၂၀,၀၀၀ လောက်စီပါတဲ့ ဆာလာအိတ်အကြီး ၃၁ လုံး၊ မင်းမင်းလတ် မောင်းနှင်လာတဲ့ ကားပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြားထည့်တဲ့ အိတ်အသေး ၂၀,၀၀၀ လောက်စီပါတဲ့ ဆာလာအိတ်အကြီး ၆၉ လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်စုံစမ်းစစ်ဆေးလို့ရတဲ့ စိုင်းအောင်ခမ်းကို တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာပဲ ညနေ ၄ နာရီအချိန်မှာ ဖမ်းမိခဲ့ပါတယ်။
ပြီးတော့ ဇွန် ၄ ရက်မှာ စိုင်းအောင်ခမ်းနေထိုင်တဲ့ တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံ ၃ လမ်း၊ ရွှေနဂါးတိုက်တန်း၊ အခန်းအမှတ် ၄ ကို ဝင်ရောက်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀၊ Ice ဝ.၈ ကီလို၊ M 22 သေနတ် ၂ လက်၊ M 16 သေနတ် ၁ လက်၊ ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်၊ M 22 ကျည်အိမ် ၄ ခု၊ M 16 ကျည်အိမ် ၆ ခု၊ ပွိုင့် ၄၅ကျည်အိမ် ၁ ခု၊ ပွိုင့် ၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမလူဂါကျည် ၇၅ တောင့်၊ ပွိုင့် ၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် အတောင့် ၆၆၀၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၆ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တံဆိပ်ရိုက်ရာမှာသုံးတဲ့ WY စာတန်းပါမို ၁၆၉၀ ချောင်း၊ မြင်းခေါင်းတံဆိပ်ပါမို ၅၃၅ ချောင်း၊ ပန်းသီးပုံတံဆိပ်ပါမို ၂၁၅ ချောင်း၊ A တံဆိပ်ပါမို ၉၅ ချောင်း၊ R တံဆိပ်ပါမို ၆၅ ချောင်း၊ တံဆိပ်မပါမို ၁၃၁၆ ချောင်း၊ စုစုပေါင်းမို ၃၉၁၆ ချောင်း၊ မိုခေါင်း ၈၀၀ ခု၊ စိတ်ကြွရူးသွပ်ဆေးပြားထည့်တဲ့ အိတ်အသေး ၂၀,၀၀၀ လောက်စီပါတဲ့ ဆာလာအိတ်အကြီး ၆၉ လုံး တို့ကို ထပ်ပြီး သိမ်းဆည်ရမိခဲ့ပါတယ်။
ဒါကြောင့် ဟိန်းမင်းထိုက်(၂၈-နှစ်)၊ မင်းမင်းလတ်(၃၀-နှစ်)၊ စိုင်းအောင်ခမ်း(၂၃-နှစ်)တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။