ရေဦးမြို့နယ်တွင် မိုးကြိုးထိမှန်ပြီး လူ ၃ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
Aung Ko Latt
·
June 4, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း မိုးသက်လေပြင်း တိုက်ခတ်လို့ နေအိမ်တချို့ ပြိုကျပျက်စီးခဲ့ကာ မိုးကြိုးထိမှန်လို့ ကလေးငယ် အပါအဝင် လူ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
ဇွန် ၂ ရက်နေ့မှာ ကျေးရွာ ၇ ရွာက နေအိမ် ၄ လုံးပြိုကျခဲ့ပြီး ၂၄ လုံးအမိုးလန်ပျက်စီးခဲ့ကာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တာပါ။
ဇွန် ၃ ရက်နေ့မှာလည်း ရေဦးမြို့နယ်အတွင်းက ဇီးကန်ကျေးရွာမှာ မိုးကြိုးပစ်လို့ သားအမိနှစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ကျန် ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ရေဦးဆေးရုံကို ပို့ဆောင်ထားရတာပါ။
ရေဦးမြို့နယ်အတွင်း မိုးကြိုးဘေးတွေနဲ့ပတ်သက်လို့ ဝန်ထမ်းအင်အားနည်းပါးတာ၊ ဘတ်ဂျက် နည်းပါးတာတွေကြောင့် သီးသန့်အသိပညာပေးတာ၊ ကြော်ငြာတာတွေ မလုပ်ဆောင်နိုင်ဘူးလို့လည်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က အခုနှစ်မှာ မုတ်သုန်အဝင် နောက်ကျတဲ့အတွက် လေဘေးရော မိုးကြိုးဘေးပါ ပြီးခဲ့တဲ့နှစ်ကထက် နည်းပါးတယ်လို့ ပြောပါတယ်။