ဆီဆိုင်မြို့နယ်ရှိ တပ်သိမ်းမြေတွင် ထွန်တုံးတိုက်ပွဲဆင်နွှဲ
DVB
·
June 3, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာရှိတဲ့ တောင်သူတွေက စားဝတ်နေရေး လိုအပ်ချက်အရ တပ်သိမ်းမြေအတွင်းမှာ ဇွန်လ ၂ ရက်နေ့က ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
တောင်သူတွေက စိုက်ပျိုးရာသီဖြစ်တဲ့အတွက် အရင်းအနှီးကို အတိုးနဲ့ ရယူထားပြီဖြစ်ပြီး အဲဒီမြေထဲမစိုက်ပျိုးရင် စိုက်စရာမရှိတဲ့အတွက် တပ်ကပေးမစိုက်ပေမယ့် ဝင်ရောက်စိုက်ပျိုးကြ တာလို့ မြေသိမ်းခံတောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ချိုချိုက ပြောပါတယ်။
စစ်တပ်က သိမ်းဆည်းထားတဲ့မြေပေါ်မှာ တောင်သူတွေဝင်ရောက်လုပ်ကိုင်နေတဲ့အတွက် တောင်သူတွေရဲ့ လက်တွန်းထွန်စက် ၂၆ စီး သိမ်းဆည်းခံခဲ့ရပါတယ်။ ဇွန်လ ၂ ရက်နေ့မှာပြုလုပ်တဲ့ ထွန်တုံးတိုက်ပွဲကတော့ နွားမရှိ စက်မရှိ လူတွေနဲ့ဆွဲပြီး ထွန်ယက်စိုက်ပျိုးနေကြတာပါ။
တပ်သိမ်းမြေနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က စီရင်ပိုင်ခွင့်ရတဲ့ နယ်မြေ မဟုတ်ပေမယ့် ပအိုဝ်းအမျိုးသားအကျိုး ကာကွယ်တဲ့အနေနဲ့ နှစ်ဘက် ဂုဏ်သိက္ခာ မပျက်အောင်လုပ်ဆောင်သွားမယ်လို့ PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
တပ်သိမ်းမြေအတွင်း သွားရောက်ထွန်တယ်ဆိုပြီး မေလ ၃၀ ရက်က တောင်သူတွေရဲ့ လက်တွန်းထွန်စက် ၁၄ စီး ၊ မေလ ၃၁ ရက်နေ့မှာ ထွန်စက် ၁၂ စီးကို စစ်တပ်က သိမ်းဆည်းခဲ့ပြီး ပုဒ်မ ၄၄၇ နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
အခု စစ်တပ်နဲ့တောင်သူတွေ အကြား မြေအငြင်းပွားဖြစ်တဲ့နေရာဟာ ဧက ၁၉၀၀ ရှိပြီး ဆီဆိုင်မြို့နယ် ပင်စုံအုပ်စုက တောင်သူ ၇၉ ဦးနဲ့ နောင်ကျော အုပ်စု၊ ဟိုခဲရပ်ကွက်၊ နောင်လုံရွာ စတဲ့တောင်သူ ၁၁၀ ကျော်က ဘိုးဘွားလက်ထက်ကပင် လိုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။
ဒီမြေတွေကို ခမရ ၄၂၃ ၊ ၄၂၄ က ၁၉၉၂ ခုနှစ်မှာ ယာယီအဖြစ် သိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါ တယ်။
သတင်း- ခွန်ရာဇာ