လာမယ့် ရက်သတ္တပတ်တွေအတွင်း ပြည်ပရောက် မြန်မာလုပ်သား တသိန်းခွဲလောက် မြန်မာပြည် ပြန်ရောက်လာဖို့ မျှော်လင့်ထားပြီး သူတို့ကို စောင့်ကြည့်ကာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုပါတယ်။
WFP ဟာ ပြီးခဲ့တဲ့ ဧပြီကစလို့ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်၊ ရန်ကုန်နဲ့ တနင်္သာရီတိုင်းတို့ကို ပြန်ရောက်လာတဲ့ နေရပ်ပြန်လုပ်သား ၃၅,၀၀၀ ကျော်အတွက် ထမင်းဟင်းတွေ ချက်ပြုတ်ကျွေးမွေးတာ၊ ထမင်းဘူးတွေဖြန့်ဝေတာအပြင် တချို့ ထောက်ပံ့နိုင်တဲ့နေရာတွေမှာတော့ အာဟာရမြှင့်စားစရာတွေကိုပါ ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံတွေပိတ်သိမ်းသွားခဲ့ပြီး လာမယ့် ရက်သတ္တပတ်တွေမှာ ပြည်ပရောက်မြန်မာလုပ်သားတွေထပ်ပြီး ရောက်လာဖို့ မျှော်လင့်ထားသလို လူဦးရေ ၁၅၀,၀၀၀ လောက်ဖြစ်နိုင်ပြီး အများစုက ထိုင်းနိုင်ငံက ဝင်ရောက်လာမယ်လို့ WFP က ခန့်မှန်းထားပါတယ်။
WFP ရဲ့ မြန်မာဌာနေကိုယ်စားလှယ် စတီဖင်အန်ဒါဆန်က “အခုလိုအရေးကြီးတဲ့အချိန်မှာ ကပ်ရောဂါကို တားဆီးနိုင်ဖို့အတွက် နေရပ်ပြန်လာမယ့် မိသားစုတွေအနေနဲ့ အစိုးရရဲ့ အစီအမံ အတိုင်း အသွားအလာကန့်သတ်ခံကြဖို့ တကယ့်ကို လိုအပ်ပါတယ်။ ဒီလို အသွားအလာကန့်သတ်ခံ နေကြရတဲ့အချိန်အတွင်းမှာ မရှိမဖြစ်တဲ့ အစားအစာနဲ့ အာဟာရပြည့်ဝနေဖို့လည်း အရမ်းအရေးကြီး ပါတယ်” လို့ ပြောပါတယ်။
ပထမအကြိမ်ထိုင်းရောက်မြန်မာတွေပြန်လာတုန်းက စားသောက်ရေးစီစဉ်ပေးဖို့ အခက်အခဲ တော်တော်ရှိခဲ့တယ်လို့ အများဆုံးပြန်ရောက်လာတဲ့ပြည်နယ်ဖြစ်တဲ့ ကရင်ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဦးဘိုလိုဝေမောင်က ပြောပါတယ်။
“ပထမအကြိမ် ထိုင်းနိုင်ငံကနေ ရွှေ့ပြောင်းလုပ်သားတွေ ပြန်ဝင်လာခဲ့တုန်းကဆိုရင် တော်တော်လေး ကသီလင်တနိုင်ခဲ့တယ်။ တစ်ရက်တစ်ရက် လူဦးရေဘယ်လောက် ပြန်ဝင်လာမလဲ ဆိုတာ ခန့်မှန်းလို့ မရခဲ့ဘူး။ သူတို့ စရောက်တဲ့အခါမှာ ထမင်းကျွေးဖို့၊ သောက်သုံးရေ စီစဉ်ဖို့ အခက်အခဲတွေရှိခဲ့တယ်။ အခု မှာ WFP အနေနဲ့ ကျနော်တို့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရပ်ခြားက ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံကို ခြေချလျှင်ချခြင်းနဲ့ ကွာရန်တင်း စင်တာတွေမှာ နေထိုင်ချိန် အာဟာရပြည့်ပြည့်ဝဝရှိတဲ့အစားအသောက်တွေနဲ့ သောက်သုံးရေတွေကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
WFP ဟာ မေလကစပြီးတော့ လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာအကူအညီတွေနဲ့ ကူညီ ကယ်ဆယ်ရေး ဝန်ထမ်းတွေကိုလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေတဆင့် ရန်ကုန်ကို လေယာဉ်နဲ့ အပတ်စဉ်ပို့ဆောင်ပေးနေပါတယ်။