Homeမြန်မာသတင်း
ရှမ်းပြည်နယ်တွင် ကျန်းမာရေးမှူး ၁ ဦးနှင့် ရွေ့ပြောင်းလုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ရှမ်းပြည်နယ်တွင် ကျန်းမာရေးမှူး ၁ ဦးနှင့် ရွေ့ပြောင်းလုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
နန်းမြနဒီ
·
June 3, 2020
ရှမ်းပြည်နယ်က ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် ၂ ဦးအနက် တစ်ဦးက မူဆယ်မြို့နယ်က ကျန်းမာရေးမှူး အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ရွှေလီမှာအလုပ်လုပ်ပြီး မူဆယ်ကနေတဆင့်ပြန်သွားတဲ့ ရွေ့ပြောင်းအလုပ်သမား တစ်ဦးဖြစ်ပါတယ်။
ကျန်းမာရေးဌာနရဲ့မနေ့ညက ထုတ်ပြန်ချက်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အသစ် ၄ ဦးရှိတဲ့အထဲ ၂ ဦးဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က အသက် ၃၀ နှစ်ရွယ် အမျိုးသမီး ၁ ဦး နဲ့ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က အသက် ၃၁ နှစ်ရွယ် အမျိုးသား ၁ ဦး တို့ ပါဝင်ပါတယ်။
လူနာအမှတ်စဉ် ၂၃၁ ဖြစ်တဲ့ မူဆယ်က အမျိုးသမီးဟာ မုံးပေါ်ကျေးရွာက ကျန်းမာရေးမှူး ဖြစ်ပြီး လူနာအမှတ်စဉ် ၂၃၀ ဖြစ်တဲ့ ရွာငံက အမျိုးသားမှာတော့ တရုတ်ပြည် ရွှေလီမှာ အလုပ်သွား လုပ်ပြီးနောက် မေလ ၁၅ ရက်နေ့ကမှ မူဆယ်ကနေ ပြန်သွားတာလို့ မူဆယ်ဂရုဏာလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကိုဗစ်-၁၉ ကူးစက်တဲ့လူနာက မုံးပေါ်က ကျန်းမာရေးဝန်ထမ်း ဆရာမဖြစ်ပါတယ်ခင်ဗျ၊ ဒီမတိုင်ခင် ဘာရောဂါလက္ခဏာမှမပြဘူး။ လစာထုတ်ရက်မှာ မုံးပေါ်ကနေ မြို့ပေါ်တက်လာတော့ ကျန်းမာရေးဌာနကနေ ဆေးစစ်တာနဲ့ သူပါစစ်လိုက်တာ။ အဲဒီအသုတ်မှာ အယောက် ၅၀ ကို စစ်တယ်။ အဲဒါ သူတယောက်တည်း ပိုးတွေ့တာ။ သူကတော့ မူဆယ်မှာ ဂိတ်ပေါက်တွေမှာ တာဝန်ချထားခြင်း မခံရဘူး။ ဒါပေမယ့် ကျန်းမာရေး ဝန်ထမ်းဆိုတော့ ရပ်ရွာထဲမှာ ဆေးလိုက်ထိုး ပေးတာတွေရှိတယ်။ သူသွားခဲ့တဲ့နေရာ ထိတွေ့ခဲ့သူတွေကို သက်ဆိုင်ရာက စုံစမ်းနေပါတယ်။ ဘယ်သူကနေ ဘယ်သူ့ဆီကူးလဲ ဆိုတာမသိတော့ နည်းနည်းတော့ စိုးရိမ်နေကြတာပေါ့နော်။ သူ့ အမျိုးသားကိုလည်း ဆေးရုံခေါ်ထားတယ်။ ၅ နှစ်ရွယ်သားလေးကိုတော့ အဘိုးအဘွားနဲ့ ထားခဲ့တယ်။ နောက်တယောက်က ရွာငံက အဲဒီတစ်ယောက်ကလည်း တရုတ်ပြည်က ရွှေလီ နန်စီဘက် က ကြံခုတ်တဲ့အလုပ်သမားပါ။ မူဆယ်ကနေ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ပြန်သွားပါတယ်။”
ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျေးရွာကျန်းမာရေးမှူးကို မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးထားပြီး ရွာငံက အမျိုးသားကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှာ ကုသစောင့်ရှောက်ပေး ထားပါတယ်။
မနေ့ညက ကိုဗစ်-၁၉ တွေ့ရှိတဲ့ လူနာ ၂ ဦးစလုံး မူဆယ်မှာနေထိုင်ခဲ့တာကြောင့် မူဆယ်ပြည်သူတွေအနေနဲ့ မပေါ့ဆဖို့ ၊ ကျန်းမာရေးအသိရှိပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာဖို့အရေးကြီးကြောင်း ဦးသောင်းထွန်းက ပြောပါတယ်။
မူဆယ်မှာ ပြီးခဲ့တဲ့ ဧပြီလကလည်း ဒူဘိုင်းကနေပြန်လာတဲ့ အသက် ၈၇ နှစ်ရွယ် အဘွားအိုတစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရတာတွေ့ရှိပြီး လူနာအမှတ် ၁၄၃ ဖြစ်တဲ့ အဆိုပါ အဘွားမှာ နေကောင်းသက်သာလို့ ဆေးရုံကဆင်းသွားပြီ ဖြစ်ပါတယ် ။
ရှမ်းပြည်နယ်တစ်ခုလုံးမှာတော့ အရင်က ကိုဗစ်-၁၉ လူနာ ၇ ဦးရှိခဲ့ပြီး အားလုံးသက်သာလို့ ဆေးရုံက ဆင်းသွားကြပြီဖြစ်ပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်အစိုးရက ဇွန်လ ၁ ရက်ကစပြီး ရှမ်းပြည်နယ်အတွင်းရှိ လေဆိပ်နဲ့ နယ်စပ်အဝင်အထွက်ဂိတ်တွေကလွဲလို့ ကျန်တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါစစ်ဆေးရေးဂိတ်တွေကို ပိတ်သိမ်းခဲ့ပါတယ်။
ဓာတ်ပုံ- Thaung Tun Facebook