Home
မြန်မာသတင်း
တောင်ဥက္ကလာအပါအဝင် ရန်ကုန် ၄ မြို့နယ်ကို Stay at Home အစီအစဉ်မှ ထပ်မံပယ်ဖျက်
ညီငယ်
·
May 28, 2020
SK
တောင်ဥက္ကလာပမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၄ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ မေလ ၂၉ ရက် ၄ နာရီ အချိန်ကစပြီး ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နဲ့ တာမွေမြို့နယ်တို့မှာ နေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေး အစီအစဉ်ကို ပယ်ဖျက်လိုက်တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။ အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုနဲ့ ကပ်ဗေဒဆိုင်ရာ အချက်အလက်တွေအရ ရောဂါထိန်းချုပ်မှုနဲ့ စပ်လျဉ်းပြီး တိုးတက်မှုရှိတာကို တွေ့ရှိရလို့ ခုလို ပယ်ဖျက်ပေးလိုက်တာလို့ ဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း ရောဂါကာကွယ်ရေးအတွက် ကန့်သတ်ပိတ်ဆို့မှုတွေ ပြည်လုံးကျွတ်အတိုင်းအတာလုပ်ဆောင်ပြီးနောက် သီတင်းပတ်တပတ်ကျော်ကြာ ပြည်တွင်းကူးစက်မှုနှုန်းမရှိခဲ့ကြောင်း၊ ဒီလို ပြည်ပကူးစက်မှုသာရှိတော့တဲ့အချိန် ဖြေလျှော့မှုတွေ လုပ်တော့မယ့် အချိန်မှာ စီးပွားရေးအပိုင်းကို ဦးစားပေးဖြေလျှော့ဖို့ လုပ်ဆောင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဒီဗွီဘီကိုပြောပါတယ်။ “အခြေခံစီးပွားရေးကို ဖြေလျှော့ဖို့လုပ်ရမှာပေါ့။ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေကို အဓိကဦးစားပေးဖြေလျှော့ရမှာ အခုလည်း လက်ဖက်ရည်ဆိုင်တွေ ပြန်ဖွင့်နေပြီ။ ဖြေလျှော့တဲ့အထဲမှာ စာသင်ကျောင်းတွေလည်း ပါလာမယ်။ ကျန်းမာရေးနဲ့ အညီဖွင့်နိုင်အောင်ဆောင်ရွက်ရမယ်။ အသေးစားအလတ်စားလုပ်ငန်းတွေ ဒါမှ စီးပွားရေး နာလန် ပြန်ထူ။ ပြည်သူတွေလည်းအဆင်ပြေမှာပါ။ အရင်အတိုင်း ပြန်ရဖို့ဆိုတာ မနည်းကြိုးစားကြရမှာ။” ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း ရန်ကုန်တိုင်းက ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေးအစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်း ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ၁ မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်က ပြည်သူတွေ မိမိနေအိမ်မှာသာနေထိုင်ကြဖို့ Stay at Home အစီအစဉ်ကို ကျန်းမာရေးဌာနက ချမှတ်ပေးထားခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့် မြို့နယ်တွေအဖြစ် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ဗဟန်း၊ ပန်းပဲတန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ တို့ကိုသတ်မှတ်ခဲ့ပြီးနောက် အခုအခါ Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့်မြို့နယ်ပယ်ဖျက်ရာမှာ ၉ မြို့နယ်ရှိသွားပါပြီ။ ဒါပေမဲ့ stay at home အစီအစဉ် ဆက်လက်နေထိုင်ရမယ့် စာရင်းမှာ အင်းစိန်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်ကတော့ ကျန်နေပါသေးတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024