မကွေးတိုင်းအတွင်းရှိ စျေးများ စစ်ဆေးမှုများပြုလုပ်ပြီး ပြန်ဖွင့်လှစ်ခွင့်ပြု
DVB
·
May 28, 2020
မကွေးတိုင်းအတွင်းမှာရှိတဲ့ စျေးတွေကို အစိုးရအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် မေလ ၂၈ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီလို့ တိုင်းစည်ပင်သာယာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့အတွက် စျေးတွေမှာ လူစုလူဝေး မဖြစ်အောင်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေက စတင်ပြီး ယာယီပိတ်သိမ်းထားပြီး စျေးပိတ်ထားတဲ့ ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ စားသောက်ကုန်တွေအလွယ်တကူ ဝယ်ယူနိုင်အောင် Social Distance စနစ်နဲ့ ယာယီစျေးတွေ ဖွင့်လှစ်ပေးထားတာပါ။
ယာယီပိတ်ထားတဲ့စျေးတွေကိုလည်း COVID-19 ရောဂါကာကွယ်နိုင်အောင် ပိုးသတ်ဆေးဖြန်းပေးထားပြီး စျေးသည်တဦးနဲ့တဦး အနည်းဆုံး ၃ ပေကွာအောင် အကွက်ရိုက်ပေးတာတွေ လုပ်ဆောင်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဖွင့်လှစ်ပေးမယ်လို့ ဦးထင်အောင်က ပြောပါတယ်။
ပျံကျစျေးသည်တွေကိုတော့ Social Distance စနစ်နဲ့ ဖွင့်လှစ်ပေးထားတဲ့ ယာယီစျေးတွေမှာ ဆက်လက်ရောင်းချခွင့်ပေးမယ်လို့ ဆိုပါတယ်။
မကွေးမြို့ပေါ်က ဈေးတွေကိုတော့ မေ ၃၀ ရက်မှ ဖွင့်လှစ်သွားမယ်လို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက ပြောပါတယ်။
"မကွေးမြို့ပေါ်က စျေးတွေကိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ထပ်မံ ပြင်ဆင်နိုင်အောင် အချိန် နှစ်ရက်ခွာပေးထားပြီး မေ ၃၀ ရက်နေ့မှ ဖွင့်လှစ်ဖို့ သဘောတူထားပါတယ်။ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှုရှိမရှိ စစ်ဆေးနိုင်အောင်လည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေဖွဲ့ပေးထားတယ်။”
ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိရင်တော့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး