အိန္ဒိယက ပြန်လာသူ ၃ ဦးတွင် COVID-19 ရောဂါတွေ့ရှိ
DVB
·
May 26, 2020
အိန္ဒိယနိုင်ငံက ပြန်လာသူ ၃ ဦးမှာ COVID-19 ရောဂါစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၂၀၆ ဦးအထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် ၃ ဦးကတော့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြပါတယ်။
ဒီကနေ့ ညနေပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၅၅၉ ခုနဲ့ ဆေးသုတေသနဦးစီးဌာနမှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၁၁ ခု၊ စုစုပေါင်း ၆၇၀ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦးတွေ့ရှိရတာပါ။
မေလ ၂၆ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၂၄ ဦးနဲ့ ဒီအထဲက ဆေးရုံက ဆင်းခွင့်ပြုသူ ၁၁၄ ဦး ရှိသွားပြီဖြစ်ပါတယ်။
PHOTO-MOHS