Homeမြန်မာသတင်း
ကပ်ဘေးကာလ အလုပ်လက်မဲ့ဖြစ်ပြီး ချင်းမိုင်က မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ဆွဲကြိုးချ သတ်သေ
ကပ်ဘေးကာလ အလုပ်လက်မဲ့ဖြစ်ပြီး ချင်းမိုင်က မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ဆွဲကြိုးချ သတ်သေ
နန်းမြနဒီ
·
May 26, 2020
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ လုပ်ငန်းတချို့ပိတ်သိမ်းထားတာကြောင့် အလုပ်လက်မဲ့ဦးရေ သန်းနဲ့ချီရှိနေပြီး စိတ်ဖိစီးမှုမခံနိုင်တဲ့ ထိုင်းတချို့ မိမိကိုယ်မိမိ အဆုံး စီရင်တာတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁ ဦးဟာလည်း အလုပ်လက်မဲ့ပြဿနာ စိတ်ဖိစီးမှုမခံနိုင်တော့တာမို့ ဆွဲကြိုးချပြီး သူ့ကိုယ်သူအဆုံးစီရင်သွား ပါတယ်။
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ခုမ်ပန်ကျေးရွာကနေ ချင်းမိုင်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်အလုပ်လုပ်နေသူ စိုင်းမြအောင် (၂၇ နှစ်)မှာ အလုပ်လက်မဲ့ ဖြစ်နေတာ ၂ လကျော်ပြီဖြစ်ပြီး အကြွေးဘတ် ၁၀၀၀၀ ကျော်တင်ရှိနေ တာကြောင့် စိတ်ဖိစီးမှုဒဏ် မခံနိုင်ဘဲ မေလ ၂၄ ရက်နေ့က ဆွဲကြိုးချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ ယောက်ဖဖြစ်သူ စိုင်းသန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီနေ့က ရပ်ကွက်ထဲမှာ ကိုဗစ်-၁၉ ကာလ အခက်အခဲရှိသူအတွက် ထမင်းထုတ်တွေ လာဝေမယ်ဆိုလို့ ကျနော်ရော ကျနော့မိန်းမပါ လမ်းထိပ်မှာ ထွက်စောင့်တယ်။ သူကတော့ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ ကျနော်တို့လည်း သူအိပ်နေတယ်ဆိုပြီး မနှိုးပါဘူး။ ထမင်းထုတ် သွားယူပြီးပြန်လာတော့ သူ့အခန်းတံခါးမဖွင့်သေးဘူး။ တော်တော်နဲ့ အပြင်ထွက်မလာတော့ ခေါ်ကြည့်တာထူးလည်း ပြန်မထူး။ ဘာသံမှလည်းမကြားလို့ တံခါးဖျက်ပြီးဝင်ကြည့်တာ သူကဆွဲကြိုးချပြီး သေနေပြီ။ ကျနော်တို့လည်း တအားလန့်သွားပြီး ရဲကိုအကြောင်းကြားလိုက်တာ၊ သူက အလုပ်မလုပ်ရတာ ၂ လကျော်ပြီ ၊ အကြွေးလည်း တစ်သောင်းကျော်တင်နေတယ်၊ အဲဒါ စိတ်ညစ်ပြီး ဒီလို လုပ်တယ်လို့ထင်ပါတယ်။”
သေဆုံးသူမှာ စကားနည်းပြီး အလုပ်ကြိုးစားသူဖြစ်ကာ၊ သူ့မှာ ရှာကျွေးရမယ့် မိန်းမနဲ့ ကလေးမရှိဘဲ ရှမ်းပြည်က မိဘကိုသာလုပ်ကျွေးနေကြောင်း၊ ကြွေးရှင်နဲ့ ပြဿနာ တစုံတရာ မရှိပေမယ့် အလုပ်လက်မဲ့ဖြစ်တာ၊ ယောက်ဖ တယောက်တည်းလုပ်စာကို သူရော သူ့ညီမပါ မှီခိုစားနေရလို့ အားနာအားငယ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ဂယက်ကြောင့် သူတို့ရပ်ကွက်ထဲမှာ အလုပ်လက်မဲ့တွေများပြီး တနေ့ တနေ့ ဘယ်နေရာမှာ ထမင်းထုတ်နဲ့ စားစရာ လာဝေမလဲဆိုတဲ့ သတင်းကိုနားစွင့်ကာ ထမင်းထုတ်ဝေတဲ့ နောက်သာ တနေကုန်လိုက်ယူနေတဲ့သူတွေလည်းရှိတယ်လို့ အခြား အလုပ်သမား ၁ ဦးက ပြောပါတယ်။
စိုင်းသန်းအောင်မှာ ကံကောင်းလို့အလုပ်မပြုတ်ပေမယ့် နေ့စားအလုပ်သမားသာဖြစ်တာ ကြောင့် မိသားစုဝင် ၄ ဦး စားမလောက်ဘဲ အလှူရှင်တွေ လာဝေတဲ့ထမင်း ထုတ်တွေကို မှီခိုနေရ တာလို့ ဆိုပါတယ်။
သေဆုံးသူ စိုင်းမြအောင်ရဲ့ရုပ်အလောင်းကို ချင်းမိုင်မြို့ ဝပ်ဒွန်းကျန် ဘုန်းကြီးကျောင်း အနောက်ဘက် ထာ့ဆာလားဇရပ်မှာ ထားရှိပြီး မေလ ၂၈ ရက် ကြာသပတေးနေ့မှာ သင်္ဂြိုဟ် ဖို့ရှိ အစီအစဉ် ရှိပါတယ်။