အီတလီကပြန်လာသူ ၁ ဦးနှင့် အိန္ဒိယကပြန်လာသူ ၁ ဦးတွင် COVID-19 ပိုးတွေ့ရှိ
DVB
·
May 25, 2020
အီတလီနိုင်ငံက ပြန်လာသူ တစ်ဦးနဲ့ အိန္ဒိယနိုင်ငံက ပြန်လာသူ တစ်ဦးမှာ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် နှစ်ဦးအနက် တစ်ဦးက ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် အီတလီပြန် အမျိုးသား တစ်ဦးဖြစ်ပြီး လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။
ကျန် တစ်ဦးကတော့ နေပြည်တော် ပျဉ်းမနားမြို့နယ်မှာနေထိုင်တဲ့ အသက် ၄၁ နှစ် အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်) မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်း ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၂၁ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၈၁ ခု၊ စုစုပေါင်း ၄၀၂ ခုကို စစ်ဆေးခဲ့ရာမှာ လူနာသစ် နှစ်ဦးထပ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မေလ ၂၅ ရက်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၀၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၂၃ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၁၂ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo- Theingi WinMyat