မကွေးတိုင်းတွင် မိုးရာသီစိုက်စရိတ်ချေးငွေ ကျပ် ၁၄၃ ဘီလီယံ ကျော် ထုတ်ချေးမည်
DVB
·
May 24, 2020
မကွေးတိုင်းအတွင်း မိုးရာသီ သီနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၃ ဘီလီယံကျော် ထုတ်ချေးပေးနေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးကျော်တင်ဦးက ပြောပါတယ်။
“တိုင်းအတွင်းက တောင်သူတွေအတွက် မိုးစပါး ၁ ဧကကို ၁ သိန်းခွဲကျပ်နှုန်း၊ အခြားသီးနှံ ၁ ဧကကို ၁ သိန်းကျပ်နှုန်းနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၁ သိန်း ၄ သောင်း ၃ ထောင်ကျော် ထုတ်ချေးပေးနေပါတယ်။”
မကွေးတိုင်းအတွင်း ၂၀၂၀ ခုနှစ်အတွက် မိုးစပါးစိုက်ဧက ၄ သိန်းကျော်၊ အခြားသီးနှံစိုက်ဧက ၈ သိန်း ၂ သောင်းကျော် စုစုပေါင်း ၁၂ သိန်းကျော်စိုက်ပျိုးမယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့လပိုင်းက ဗဟိုဘဏ် အတိုးနှုန်းလျှော့ချလိုက်လို့ ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ယခု ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးနေတာပါ။ ချေးငွေပြန်သွင်းရမယ့် သတ်မှတ်ရက်ထက် နောက်ကျခဲ့ရင် ငွေ ၁၀၀ ကို ၁ လ ပြားငါးဆယ်နှုန်းနဲ့ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်တယ်" လို့ ဦးကျော်တင်ဦးက ပြောပါတယ်။
အခုနှစ်နွေရာသီမှာ မြို့နယ် ၄ မြို့နယ်က နွေစပါးစိုက်ဧက ၃၈၀ ကျော်နဲ့ အခြားသီးနှံစိုက်ဧက ၁၀၀၀ ကျော်အတွက် ကျပ်ငွေ သန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်ချေးခဲ့တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။
မင်းထီး