ကျိုက်ထီးရိုးတောင် တောင်ပြိုမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးစလုပ်
DVB
·
May 23, 2020
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ဆံတော်ရှင် ကျိုက်ထီးရိုးတောင် တောင်ပြိုမှု မဖြစ်ရအောင် ကြိုတင်ကာကွယ်ရေး အစီအမံတွေ စတင်လုပ်ဆောင်နေပြီလို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။
မေ ၂၂ ရက်က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ကျိုက်ထီးရိုးတောင် ရေရှည်တည်တံ့ဖို့အတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးဖို့ မေးခွန်းမေးမြန်းတဲ့အပေါ် ဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။
ကျိုက်ထီးရိုးတောင် တောင်ပြိုမှု မဖြစ်ရအောင် ဗာတီဗာမြက်စိုက်ပျိုးတာအပြင် လိုအပ်တဲ့ နေရာတွေမှာ မြေထိန်းနံရံတွေ တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် တောင်ပေါ်ရှိ စျေးဆိုင်းခန်းတွေနဲ့ ဟိုတယ် တိုးချဲ့ တည်ဆောက်မှုကို စတင် ကန့်သတ်နေပြီး အမှိုက်တွေ စနစ်တကျ စွန့်ပစ်နိုင်အောင် နေရာတွေ စီစဉ်ပေးထားတဲ့အပြင် အမှိုက်ဖျက်စက်ရုံကိုလည်း တည်ဆောက်ပေးထားတယ်လို့ ပြောပါတယ်။
မေးခွန်းရှင်က မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်တွေရဲ့ ရေကြီးရေလျှံမှုတွေမှာ ဆံတော်ရှင် ကျိုက်သလ္လံစေတီနဲ့ ပေါင်မြို့နယ် မလတ်တောင်တောင်ပြိုတာတွေ ဖြစ်ခဲ့လို့ ကျိုက်ထီးရိုးတောင်ကိုလည်း ကြိုတင်ကာကွယ်ရေးတွေ လုပ်ပေးဖို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အဲလို လုပ်ဆောင်ရာမှာ တောင်ပေါ်ရှိ စျေးဆိုင်းခန်းတွေနဲ့ ဟိုတယ်တိုးချဲ့ တည်ဆောက်တာတွေလည်း ကန့်သတ်ပေးဖို့ တင်ပြခဲ့ပါတယ်။
ကျိုက်ထီးရိုးစေတီဟာ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရာဖူးပြည်သူ သန်းချီ လာရောက်နေပါတယ်။