မိုးညှင်းတွင် Mask မတပ်သူ ၆၀၀ ကျော်ကို ဒဏ်ရိုက်၊ ၇ ဦးကို ဥပဒေအရ အရေးယူထား
DVB
·
May 23, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ အိမ်ပြင်ထွက် Mask မတပ်သူ ၆၀၀ ကျော်ကို ပညာပေးတဲ့အနေနဲ့ ဒဏ်ငွေ ၁၀၀၀ စီ ဒဏ်ရိုက်ခဲ့ပြီး ညအချိန်မတော်ထွက်သူ ၇ ဦးကို ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့မှာ မြို့နယ်ကိုဗစ်ကော်မတီ၊ ယာဉ်ထိန်းရဲ ရပ်ကျေးနဲ့ ပရဟိတအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နှာခေါင်းစည်း ၃ ရက်တာ အခမဲ့ ပေးဝေခဲ့ပြီး မေ၂၂ ရက်မနက်နဲ့ ညနေပိုင်းမှာ ဒဏ်ရိုက်ခဲ့တာလို့ မြို့နယ်ထွေအုပ်ဦးစီးမှူးက ပြောပါတယ်။
“ဒီလို ၁၀၀၀ စီ ပညာပေးဒဏ်ရိုက်တာ ၃ ရက်ထက်မနည်း လုပ်ဆောင်မှာပါ။ ပြီးမှ ကျန်းမာရေးဥပဒေနဲ့တွဲပြီး ၅ ထောင်စီ ဒဏ်ရိုက်ဖို့ စီစဉ်ရမှာပါ။ လိုအပ်ရင် အရေးယူမှာပါ” လို့ ပြောပါတယ်။
မြို့နယ် ကိုဗစ်ကော်မတီဝင်တဦးက “ဒဏ်ရိုက်ရာမှာ မနက်ပိုင်းလူ ၃၀၀ ကျော်ခဲ့တဲ့အတွက် ညနေ ၄ နာရီနောက်ပိုင်း ပြန်စချိန်မှာတော့ Mask တပ်ပြီးပဲ အိမ်ပြင်ထွက်ကြမယ် ထင်ခဲ့တာ၊ လူ ၂၀၀ ကျော်တောင် ဒဏ်ရိုက်ခဲ့ရသေးတယ်။ ချို့တဲ့သူတွေ ၁၀၀ ကျော်ကိုတော့ ငွေမယူဘဲ နှာခေါင်းစည်းပဲ ပေးလိုက်တယ်” လို့ ပြောပါတယ်။
ပထမတရက်မှာ ဒဏ်ရိုက်ရရှိငွေ ၅ သိန်း ၈ သောင်းကျော်ကို မြို့နယ် ကိုဗစ် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ရေးကော်မတီကို ရန်ပုံငွေအဖြစ် ပေးအပ်သွားမှာဖြစ်ပြီး ကိုဗစ်ကာလအတွင်း ညအချိန်မတော်ထွက်သူ ၇ ဦးကို ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
မုန်းမုန်းမင်း