တောင်ကြီးမြို့ လူကူးကုန်းကျော်တံတားစီမံကိန်း ဘတ်ဂျက်ငွေ နိုင်ငံတော်ကို ပြန်အပ်
DVB
·
May 20, 2020
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့မစျေးအနီးမှာ တည်ဆောက်မယ့် လူကူးကုန်းကျော်တံတားကို အစိုးရက အကောင်ထည်ဖော်နိုင်ခြင်းမရှိတဲ့အတွက် စီမံကိန်းအတွက် အသုံးပြုမယ့် ဘတ်ဂျက်ကို နိုင်ငံတော် ထံပြန်အပ်လိုက်ပြီဖြစ်ပါတယ်။
လူကူးတံတားတည်ဆောက်ဖို့ ကုန်းကျော်တံတားဖြစ်စေ မြေအောက်ဖြင့်ဖြစ်စေလုပ်ဖို့ ရည်ရွယ်ထားပေမယ့် အစီအစဉ်တကျမရှိတဲ့အတွက် လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
အဲဒီကုန်းကျော်တံတားဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်က ယာဉ်အန္တရာယ်ကင်းရှင်းဖို့နဲ့ အများပြည်သူအဆင်ပြေစေဖို့ဖြစ်ပါတယ်။
ကုန်းကျော်တံတားတည်ဆောက်ဖို့ တောင်ကြီးစည်ပင်သာယာရေးဌာနက ဒီဇိုင်းရေးဆွဲပြီး အစိုးရအဖွဲ့ကိုအဆိုပြုတင်ပြထားတာဖြစ်ပါတယ်။
ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုခင်မောင်တင့် “ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနဲ့ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ စိစစ်ရေးကော်မတီ အနေနဲ့ စီမံကိန်းဆောင်ရွက်နိုင်ခြင်းမရှိတာကို လူထုအကျိုးပြုတဲ့ စီမံကိန်းအတွက် ပြောင်းလဲ အသုံးပြုလိုက်တာ”လို့ ပြောပါတယ်။
ကုန်းကျော်တံတားစီမံကိန်းအတွက် ၂၀၂၀-၂၀၂၁ ပြည်နယ်ရသုံးမှန်းခြေ စာရင်းလျာထားချက်မှာ လည်း ထပ်မံထည့်ထားခြင်းမရှိဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့ လူသွားလူလာများတဲ့မြို့မစျေးအနီး ကုန်းကျော်စီမံကိန်းကို ၂၀၁၉ ခုနှစ် မေလက ပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ