မွန်ပြည်နယ်တွင် စောင့်ကြည့်လူနာ သေဆုံးသူ ၃၈ ဦးအထိ ရှိလာ
DVB
·
May 19, 2020
မွန်ပြည်နယ်မှာ မေလ ၁၈ ရက်အထိ COVID-19 ရောဂါ စောင့်ကြည့်လူနာ သေဆုံးသူ ၃၈ ဦးအထိ ရှိလာပြီးလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။
စောင့်ကြည့်လူနာ သေဆုံးမှုမှာ PUI လို့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ ၃၂ ဦး၊ Hospital စောင့်ကြည့်လူနာ ၅ ဦး၊ Quarantine စောင့်ကြည့်လူနာ ၁ ဦး ၊ စုစုပေါင်း ၃၈ ဦးအထိ ရှိလာခဲ့တာပါ။
အဆိုပါသေဆုံးသူတွေဟာ ပင်ကိုအရောဂါခံတွေဖြစ်တဲ့ အဆုတ်တီဘီရောဂါ၊ နှလုံးရောဂါ အပါအဝင် ဆီးချိုရောဂါ အခံရှိသူတွေ အများဆုံး ပါဝင်နေတာပါ။
လက်ရှိမှာတော့ စောင့်ကြည့်လူနာအနေနဲ့ PUI လို့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ ၁၁ ဦး၊ Hospital စောင့်ကြည့်လူနာ ၅ ဦး ၊ စုစုပေါင်း ၁၆ ဦး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ စောင့်ကြည့်သံသယလူနာ ၄၉၄ ဦးကို ဓာတ်ခွဲစစ်ဆေးကြည့်ရာမှာတော့ ရောဂါပျောက်ကင်းသွားတဲ့ လူနာ နံပါတ် ၂၇ တစ်ဦးသာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန် ၄၉၃ ဦးမှာတော့ ရောဂါပိုးမတွေ့ထားပါဘူး။
ဇော်လွင်ထွဋ်