မကွေးတိုင်းတွင် ဒုတိယမြောက် COVID-19 လူနာတွေ့ရှိ
DVB
·
May 19, 2020
မကွေးတိုင်းဒေသကြီးမှာ မေလ ၁၉ ရက် မနက်ပိုင်းက ဒုတိယမြောက် COVID-19 ရောဂါပိုးတွေ့လူနာတဦး ထပ်တွေ့ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
မကွေးမြို့ ပညာရေးကောလိပ်မှာ Facility Quarantine ပြုလုပ်ထားတဲ့ မလေးရှားနိုင်ငံကနေ လူနာအမှတ် ၁၈၂ နဲ့ လေယာဉ်အတူ စီးလာတဲ့ တောင်းတွင်းကြီးမြို့နယ်က အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး မှာ COVID-19 ရောဂါပိုးတွေရှိခဲ့တာပါ။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက “ လူနာအမှတ် ၁၈၉ ကို မကွေးမြို့ သင်ကြားရေးဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ သင်ကြားရေးဆေးရုံကြီးမှာ လူနာကို သီးခြားထားရှိပြီး ဓာတ်မှန်ရိုက်တာတို့ ဆေးစစ်တာတို ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။ မကွေးတိုင်း အတွင်းဆေးရုံတွေနဲ့ Quarantine စင်တာ တွေကနေ ၁၀၃ ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာ မလေးရှားပြန်တစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးပညာရေးကောလိပ်မှာ အတည်ပြုလူနာ Case-182 နဲ့ လေယာဉ်အတူစီးလာတဲ့ မလေးရှားပြန် ၂၄ ဦးနဲ့ ထိုင်းနိုင်ငံကပြန်လာသူ ၈ ဦးတို့ကို မေလ ၁၇ ရက်နေ့က လည်ချောင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ရယူပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့တာပါ။
မကွေးတိုင်းမှာ ပြည်ပကပြန်ဝင်လာသူ ၁၀၀၀၀ ကျော်ကို Facility Quarantine ပြုလုပ်ပေးထားပြီး ဆေးရုံတွေမှာရှိတဲ့ စောင့်ကြည့်/သံသယ လူနာတွေကို ဓာတ်ခွဲစစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုးမတွေရဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး