ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မလေးရှားက ပြန်လာသူ ၁ ဦး COVID-19 ရောဂါကူးစက်ခံရ
DVB
·
May 18, 2020
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁ ဦး စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ်ဟာ မလေးရှားက ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသား တဦးဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာမရှိပေမဲ့ သံတွဲမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။
ဒီကနေ့ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၇၀) ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၈) ခု၊ စုစုပေါင်း (၃၅၈) ခုတို့အား စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၁ ဦးတွေ့ရှိရတာပါ။
မေလ ၁၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၈ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၀၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၈ ဦး ရှိတယ်လို ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။