တောင်ငူ လူနေရပ်ကွက်တွင် မွေးထားသည့် ဝက်ဝံက အဘိုးအို ၁ ဦးကို ရန်ပြုတိုက်ခိုက်
DVB
·
May 18, 2020
ပဲခူးတိုင်း၊ တောင်ငူမြို့(၁)ရပ် ကွက်ထီးလှိုင်ကွန်ကရစ်လမ်းဘေးရှိ မြင့်မိုရ်နန်း (KTV) စားသောက်ဆိုင်မှာ မွေးထားတဲ့ ဝက်ဝံတစ်ကောင်ဟာ လှောင်အိမ်က လွတ်မြောက်သွားပြီး ဘေးအိမ်မှ အသက် (၉၇)နှစ်အရွယ် အဘိုးအိုကို ရန်ပြု တိုက်ခိုက်ခဲ့ပါတယ်။
ဝက်ဝံလက်သဲနဲ့ ကုတ်ခြစ်ခံရတဲ့အတွက် အဘိုးအို ဦးရွှေရိုးမှာ လည်ဂုတ်စုတ်ပြဲဒဏ်ရာ၊ ညာဘက်ဂျိုစောင်းပေါက်ပြဲဒဏ်ရာ၊ ညာဘက်လက်ဖျံနဲ့ လက်ဖမိုးတို့ မှာ စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပါတယ်။
ဝက်ဝံက လှောင်အိမ်အပေါ်အမိုးကနေ ဖြဲပြီး ထွက်သွားတာဖြစ်ပြီး အဘိုးအိုရဲ့ ဒဏ်ရာကတော့ သိပ်မများတဲ့အကြောင်းနဲ့ ဆေးရုံကဆင်းလာပြီး အိမ်ပြန်ရောက်နေပြီလို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောပါတယ်။
“လူနေရပ်ကွက်ထဲမှာက မွေးလို့ မရဘူး။ အခုလို မွေးထားတာက တောင်ငူတစ်မြို့လုံး သစ်တောရောဘာရော အကုန်သိတယ်။ အခုဖြစ်လာတော့ ကျနော့်ပဲ ခေါင်းတည်တာပေါ့၊ ကျနော်ပြေလည်အောင် ရှင်းရမှာပဲလေ။ ဒီမှာတော့ ထားလို့မဖြစ်တော့ဘူးလေ။ ဖြစ်စဉ်ကိုတော့ မြို့နယ်ကို တင်ပြထားတယ်။ ကာယကံရှင်တွေကတော့ နှစ်အိမ့်တစ်အိမ်နေ နေကြတော့ နှစ်ဦးနှစ်ဘက်ပြေလည်ကြတယ်။ ကျနော်ကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အတိုင်းဘဲ ဆက်လုပ်မှာပါ”
အဆိုပါ ဝက်ဝံမှာ အရပ် ၅ ပေ လုံးပတ် ၃ ပေခွဲလောက် ရှိတယ်လို့လည်း သိရပါတယ်။
သတင်း- သားကြီး(တောင်ငူ)