မိုးညှင်းမြို့တွင် Mask ဝေငှပြီး ရန်ပုံငွေအတွက် တစ်သျူးငှက်ပျောရောင်းချ
DVB
·
May 18, 2020
ချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ စည်ပင်သာယာစျေးနဲ့ ယာယီကုန်စိမ်းစျေးတွေမှာ နှာခေါင်းစည်း Mask တွေကို မြို့ခံ COVID-19 ကာကွယ်ရေးနှင့်ထောက်ပံ့ရေးကော်မတီက မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်တာ ဝေပေးနေပြီး ရန်ပုံငွေအတွက် တစ်သျူးငှက်ပျော တစ်ဖီးကို ကျပ် ၁၀၀၀ နဲ့ ရောင်းချနေပါတယ်။
COVID-19 ကာကွယ်ရေးနှင့်ထောက်ပံ့ရေးကော်မတီဝင် တစ်ဦးက " Mask တွေကို ၃ ရက်တာ ဝေငှသွားမှာပါ ၃ ရက်ကျော်လို့ Mask မတပ်ပဲ အပြင်ထွက်ရင်တော့ ဥပဒေအရ အရေးယူခြင်းခံရမှာဖြစ်ပါတယ်။ ရံပုံငွေအတွက်ကတော့ တစ်သျူး ငှက်ပျောတွေ ရောင်းချပေးနေတာပါ” လို့ ပြောပါတယ်။
ဈေးသည်အမျိုးသမီးတစ်ဦးကတော့ "ကျမတို့စျေးသည်တွေ Mask တပ်ပါတယ်။ တပ်ရင် အသက်ရှူကြပ်သလိုဖြစ်လာလို့ ခဏမေးစေ့မှာ လျှောချထားတာပါ။ အရေးယူတာလည်း ကောင်းပါတယ်။ လူကြီးတွေဒီလို ထိန်းသိမ်းနိုင်လို့သာ ကျမတို့နိုင်ငံမှာ သေတဲ့လူ ၆ ယောက်ပဲရှိတာ”လို့ ပြောပါတယ်။
Mask တွေကို စည်ပင်သာယာစျေး၊ ယာယီစျေး၊ ဘီလူးကျေးရွာစျေးဝင်ပေါက်တွေမှာ တရက်ကို အခုရေ ၃၇၀၀ လောက် ၃ ရက်တာ ဝေငှသွားဖို့ အစီအစဉ်ရှိပါတယ်။
ရန်ပုံငွေအတွက် တစ်သျူးငှက်ပျောတွေ ရောင်းချတာကတော့ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ရောင်းချစဉ်က ရန်ပုံငွေ ကျပ် ၁၇ သိန်းနီးပါး ရရှိခဲ့တယ်လို့ လည်းသိရပါတယ်။
သတင်း- မုန်းမုန်းမင်း