ရန်ကုန်တွင် COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၈၄ ဦးရှိလာ
DVB
·
May 17, 2020
ရန်ကုန်မှာ COVID-19 အတည်ပြုလူနာသစ် ၂ ဦး ထပ်တွေ့ရပြီး နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၈၄ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ လူနာသစ် ၂ ဦးကတော့ မရမ်းကုန်းမြို့နယ်က အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ပုဇွန်တောင်မြို့နယ်က အသက် ၄၁ နှစ်အရွယ်ရှိ မလေးရှားပြန် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။
လူနာသစ် ၂ ဦးစလုံးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိဘဲ တဦးက စောင့်ကြည့် လူနာဖြစ်ပြီး ကျန်တဦးကတော့ အသွားအလာကန့်ခံထားရသူဖြစ်ပါတယ်။
ဒီကနေ့ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၀၀ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၈၆ ခု၊ စုစုပေါင်း ၃၈၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာမှာ အတည်ပြု လူနာသစ် ၂ ဦးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၁၇ ရက် ည ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၉၇ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၈၄ ဦး ရှိပြီဖြစ်ပါတယ်။