Homeမြန်မာသတင်း
UWSA နှင့်မူးယစ်မှောင်ခိုအဖွဲ့ ထိတွေ့မှုဖြစ်၊ စိတ်ကြွဆေး ၃ သန်းခွဲကျော်နှင့် ၂ ဦးဖမ်းမိ
UWSA နှင့်မူးယစ်မှောင်ခိုအဖွဲ့ ထိတွေ့မှုဖြစ်၊ စိတ်ကြွဆေး ၃ သန်းခွဲကျော်နှင့် ၂ ဦးဖမ်းမိ
DVB
·
May 16, 2020
UWSA တောင်ပိုင်းစစ်ဒေသ ၁၇၁ နဲ့ မူးယစ်မှောင်ခိုအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား သုံးသန်းခွဲကျော်နဲ့ ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်အနီး လွယ်ထွေတောင်ကြောမှာ မေ ၁၄ ရက်ည ၉ နာရီလောက်က အင်အား ၄၀ လောက်ရှိတဲ့ မူးယစ်မှောင်ခိုအဖွဲ့နဲ့ UWSA ဝတပ်ဖွဲ့ စစ်ဒေသ ၁၇၁ တပ်ဖွဲ့ဝင်တွေ ထိတွေ့မှု ဖြစ်ပွားပြီးနောက် မေလ ၁၅ ရက်မနက်အစောပိုင်း နယ်မြေရှင်းလင်းရာမှ ၉၉၉ တံဆိပ် စိတ်ကြွဆေးပြား ၁ သိန်းစီပါ ၃၅ အိတ်၊ ၁ သောင်းပါ အထုပ်ငယ် ၁ ထုပ်နဲ့ မူးယစ်မှောင်ခိုအဖွဲ့ဝင် အသေ ၁ ဦးနဲ့ အရှင် ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး UWSA ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းခေါ်ဆိုမရဘဲ ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ပိန်းကတော့ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပါတယ်။
လွယ်ထွေတောင်ကြောဟာ ပုံပါကျင်မြို့နဲ့ UWSA စစ်ဒေသ ၁၇၁ တည်ရှိရာ မုံးကျွတ်ကျေးရွာအကြားတည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်မှ သုံးမိုင်ခန့်ကွာဝေးကာ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
အောင်ဇေယျ