COVID-19 ဆိုင်ရာအမိန့်များ ကယားပြည်နယ်အစိုးရ မေ ၃၁ ရက်အထိသက်တမ်း ထပ်တိုး
နော်နိုရင်း
·
May 15, 2020
COVID-19 ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး မေ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ကယားပြည်နယ်အစိုးရရဲ့ အမိန့်စာတွေကို မေလ ၃၁ ရက်နေ့အထိ ထပ်တိုးကြောင်း ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ထိုးပြီး ဒီကနေ့ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
ကယားပြည်နယ်အတွင်းမှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်စာအမှတ် ၉၊ ၁၀ နဲ့ ၁၁ တို့ကို မေလကုန်အထိ ထပ်တိုးလိုက်တာပါ။
အမိန့်စာအမှတ် ၉ ကတော့ ကယားပြည်နယ်အတွင်း လူစုလူဝေးနဲ့ ကျင်းပပြုလုပ်ရတဲ့ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးနဲ့ သင်တန်းတွေ မကျင်းပဖို့ ရုပ်ရှင်ရုံတွေ၊ အရောင်းမြှင့်တင်ရေးပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ ဘော်ဒါဆောင်နဲ့ မူကြိုကျောင်းတွေ ဖွင့်လှစ်ခြင်းမပြုဖို့ ပါရှိပါတယ်။
အမိန့်စာ အမှတ် ၁၀ ကတော့ ပြည်တွင်း/ ပြည်ပ ခရီးသွားဝင်/ ထွက်မှုများပြားပြီး လူစုလူဝေးများပြားတဲ့ ကယားပြည်နယ်အတွင်းရှိ ထီးစဲခါးရေတံခွန်၊ ကြတ်ဂူ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ထီးပရူနူဂူ၊ ဆင်ဖြူတောင် နေရာတွေကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ထားတာပါ။
အမိန့်အမှတ် ၁၁ ကတော့ ပြည်နယ်အတွင်းရှိ နေ့စဉ်ရောင်းချနေတဲ့ဈေးကို တပတ် ၃ ကြိမ်သာရောင်းချဖို့ ထုတ်ပြန်တဲ့ အမိန့်စာဖြစ်ပါတယ်။
အဲဒီအမိန့်စာ ၃ ခုကို မေလ ၁၅ ရက်နေ့အထိ တခါ ထပ်တိုးခဲ့သလို အခု နောက်ထပ် မေလကုန်အထိ ၁၅ ရက် ထပ်တိုးလိုက်တာလည်းဖြစ်ပါတယ်။
ဒီအမိန့်စာတွေကို သက်တမ်းထပ်တိုးထားပေမယ့် ညမထွက်ရအမိန့်ကိုတော့ ညနေ ၁၀နာရီကနေ မနက် ၄ နာရီအစား ည ၁၂ နာရီကနေ မနက် ၄ နာရီ အထိ အချိန် လျှော့ချထုတ်ပြန်ထားပါတယ်။