ဧပြီ ၃၀ ရက်နေ့အထိ ထုတ်ထားသည့် ကယားပြည်နယ်အစိုးရ အမိန့်စာများ ၁၅ ရက်ထပ်တိုး
DVB
·
April 27, 2020
ဧပြီ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ကယားပြည်နယ်အစိုးရဲ့ အမိန့်ကြေညာချက်များကို မေလ ၁၅ ရက်နေ့အထိ ရက် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ကယားပြည်နယ်အတွင်းမှာ အသက်ရှူမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြိုတင်ကာကွယ်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အသွားအလာများတဲ့ အလည်အပတ်နေရာ ၁၀ ခုကို ဧပြီ ၃၀ ရက်အထိ ပြည်နယ်အစိုးရက ပိတ်လိုက်ထားခဲ့ရာ ဒီကနေ့ ဧပြီ ၂၇ ရက်နေ့ရက်စွဲနဲ့ မေ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ပြည်နယ်အစိုးရက ကြေညာပါတယ်။
လွိုင်ကော်မြို့နယ်က ထီးစဲခါးရေးတံခွန်၊ ကြက်ဂူ၊ ဒီးမော့ဆိုမြို့နယ်ထဲက ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲနဲ့ ကွိုင်ငံတို့အပါအဝင် ဖလူဆိုမြို့နယ်ထဲက ထီးပရူးနူဂူနဲ့ ဆင်ဖြူတောင်တို့ကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းလိုက်ကြောင်း မတ်လ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
ကယားပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေဖို့ ပိုမိုထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဲဒီအမိန့်စာကို မေ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်တာပါ။
အလားတူ နေ့စဉ်ရောင်းချနေတဲ့ဈေးကို တပတ် ၃ ကြိမ်သာရောင်းချဖို့ ထုတ်ပြန်တဲ့ အမိန့်စာကိုလည်း မေ ၁၅ ရက်နေ့အထိ ရက်တိုး သတ်မှတ်လိုက်သလို လူစုလူဝေးနဲ့ ကျင်းပပြုလုပ်မယ့်ဟောပြောပွဲ၊ အစည်းအဝေး နဲ့ သင်တန်းတွေ၊ ပွဲလမ်းသဘင်တွေကို ဧပြီလ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ခြင်းမပြုဖို့လည်း ထုတ်ပြန်ထားပါတယ်။