မကွေးတိုင်းအတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ပြန်ပြေးဆွဲခွင့်ပြု
DVB
·
May 15, 2020
မကွေးတိုင်းဒေသကြီးအတွင်းမှာ ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေကို မေလ ၁၆ ရက်ကစတင်ပြီး စည်းကမ်းတကျ ပြန်လည်ပြေးဆွဲခွင့်ပြုမယ်လို့ သိရပါတယ်။
မကွေးတိုင်း ၂၅ မြို့နယ်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို မေလ ၁၆ ရက်က စတင်ပြီး သတ်မှတ်စည်းကမ်းချက်နဲ့အညီ ပြေးဆွဲခွင့်ပြုမှာလို့ မကွေးတိုင်း ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ဒီဗွီဘီကိုပြောပါတယ်။
တိုင်းကျော် သွားလာခွင့်ကိုတော့ မေလ ၃၁ ရက်အထိ ယာယီရပ်နားထားမှာဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေ သွားရမယ်ဆိုရင် အစုအဖွဲ့အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ ယာဉ်စီးခ ၂ဆ နှုန်းနဲ့ သွားခွင့်ပြုမှာဖြစ်ပေမယ့် အပြန်ကိုတော့ ခရီးသည် တင်ဆောင်ခွင့်မပြုပါဘူး။
ခရီးသည်တင်ဆောင်ရာမှာလည်း ထိုင်ခုံနှစ်ခုံကို တစ်ယောက်နှုန်းနဲ့တင်ဆောင်ရမှာ ဖြစ်ပြီး ယာဉ်စီးခနှုန်းထားကိုတော့ ပုံမှန်ထက် တစ်ဆခွဲကောက်ခံဖို့ သတ်မှတ်ထားပါတယ်။
ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေကို Mask တစ်ခုစီ ဝေငှပေးထားရမှာ ဖြစ်သလို ဟန်းဂျယ်ဘူးတွေ ဆောင်ထားရမယ့်အပြင် ကားပေါ်တွေမှာ အမှိုက်ပုံးတစ်ပုံးစီထားရှိရပါမယ်။
သတ်မှတ်စည်းကမ်း ကိုလိုက်နာမှုမရှိတဲ မော်တော်ယာဥ်တွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို တိုင်းအစိုးရ ပန်ကြားချက်နဲ့ မတ်လ ၁၃ ရက်နေ့က စတင်နားထားတာပါ။
အခုလို ယာဉ်လိုင်းတွေ ပြန်ပြေးဆွဲခွင့်ပြုပေးလို့ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တွေအတွက် အလုပ်အကိုင် ပြန်လည်ရရှိမှာဖြစ်ပြီး ခရီးသွားပြည်သူတွေအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။
သတင်း-မင်းထီး