လှိုင်သာယာအပါအဝင် မြို့နယ် ၅ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်
DVB
·
May 14, 2020
ရန်ကုန်တိုင်းက မြို့နယ် ၄ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁ မြို့နယ် စုစုပေါင်း ၅ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
မနက်ဖန် မေလ ၁၅ ရက် ၄ နာရီ အချိန်ကစပြီး ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေးအစီအစဉ်ကို ပယ်ဖျက်လိုက်တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။
အဆိုပါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း COVID-19 လူနာသစ် ထပ်မတွေ့တော့တာ၊ အတည်ပြုလူနာတွေကလည်း အစုလိုက်ကူးစက်မှုမရှိတာ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေမှာလည်း ၂၁ ရက်အတွင်း ရောဂါ မတွေ့တော့တာ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေကအ လေးထားလုပ်ဆောင်တာနဲ့ ရောဂါ ကာကွယ်ထိမ်းချုပ်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြလို့ ခုလို ပယ်ဖျက်ပေးလိုက်တာလို့ ဆိုပါတယ်။
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်း ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ၁ မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်က ပြည်သူတွေ မိမိနေအိမ်မှာသာနေထိုင်ကြဖို့ Stay at Home အစီအစဉ်ကို ကျန်းမာရေးဌာနက ချမှတ်ပေးထားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ COVID-19 အတည်ပြုလူနာသစ်အများစုဟာ Stay at Home အစီအစဉ်ချမှတ်ထားတဲ့ ရန်ကုန်တိုင်း ၁၀ မြို့နယ်က ဖြစ်ပါတယ်။