နိုင်ငံတဝန်း ညမထွက်ရအချိန်လျှော့ချသတ်မှတ်၊ COVID-19 ဆိုင်ရာအမိန့်များ သက်တမ်းတိုး
DVB
·
May 14, 2020
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို မေ ၁၅ ရက်ကစတင်ပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်ဖို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
COVID-19 ရောဂါကာကွယ်တားဆီးဖို့အတွက် ပြည်နယ်နဲ့တိုင်းများရှိ မြို့နယ်အားလုံးမှာ ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ပါ နေ့စဉ် ည ၁၀ နာရီမှ နောက်တနေ့မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ဖို့ သတ်မှတ်ချက်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိဆိုပြီး ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။
ဒါ့အပြင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ထားတဲ့ လူစုလူဝေးနဲ့ အခမ်းအနားတွေမကျင်းပဖို့၊ ရုပ်ရှင်ရုံတွေမဖွင့်ဖို့ စသဖြင့် တားမြစ်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကိုလည်း မေလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီကနေ့ မေလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ်တွေ တဖြည်းဖြည်းဆက်လက်တွေ့ရှိနေဆဲဖြစ်ပြီး ဒီကနေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁၈၁ ဦး တွေ့ရှိထားပြီး သေဆုံးသူက ၆ ဦးရှိနေပါတယ်။
Photo- နေပြည်တော်ကောင်စီ