ကယားပြည်နယ်တွင် ညမထွက်ရအချိန်သတ်မှတ်ချက် လျှော့ချမည်
နော်နိုရင်း
·
May 14, 2020
COVID-19 ရောဂါကူးစက်ပြန့်ပွားတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကယားပြည်နယ် အတွင်း ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် အချိန်သတ်မှတ်ချက်ကို မေလ ၁၅ ရက်ကစတင်ပြီး လျှော့ချပြင်ဆင် သတ်မှတ်လိုက်ပါတယ်။
ကယားပြည်နယ်အတွင်းက မြို့နယ်တွေမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၁၈ ရက်နေ့က ထုတ်ပြန်ရာကနေ ည ၁၂ နာရီကနေ မနက် ၄ နာရီ ဖြေလျှော့ပေးဖို့ ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒီအမိန့်စာသည် ထုတ်ပြန်သည့်ရက်မှ ၂ လ အတည်ဖြစ်ကြောင်းလည်း ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်လုံးရဲ့ အုပ်ချုပ်ရေးမှူးအသီးသီးက ထုတ်ပြန်ထားပါတယ်။
ဒါ့ပေမယ့် ပြည်နယ်အတွင်းအရှိ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့အညီ နေအိမ်ပြင်ပ ထွက်ပါက mask မဖြစ်မနေ့ တပ်ဆင်ဖို့နဲ့ မတပ်ဆင်ပါက အရေးယူသွားမယ်လို့ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့နယ်မှာ ဒီကနေ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ Mask မတပ်မနေရ ပညာပေးကာလ သတ်မှတ်ထားပြီး ဆိုင်ကယ်၊ ကားတွေနဲ့ သွားသူရော လမ်းလျှောက် သွားလာသူ အားလုံးပါ mask တပ်ဆင်ဖို့ ပညာပေးနေပါတယ်။
မေလ ၁၆ ရက်ကစပြီး အပြင်ထွက်လို့ Mask မတပ်တဲ့သူတွေကို Mask ၂ ခုကို ကျပ် ၁၀၀၀ နှုန်းနဲ့ ဝယ်ယူစေမှာဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။