တရုတ်စစ်တပ်က မြန်မာတပ်မတော်ကို COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းများလှူဒါန်း
DVB
·
May 13, 2020
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကနေ မြန်မာ့တပ်မတော်ကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရာမှာ အသုံးပြုတဲ့ အထောက်အကူပြု ဆေးပစ္စည်းတွေ မနေ့က ပေးပို့လှူဒါန်းတယ်လို့ တပ်မတော်ကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
လှူဒါန်းတဲ့ ဆေးပစ္စည်းတွေ မနေ့ကညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(လေ)က လေယာဉ်နဲ့ ရောက်ရှိလာတာပါ။
လေယာဉ်နဲ့အတူပါလာတဲ့ မြန်မာ့တပ်မတော်ကို လှူဒါန်းတဲ့ PPE ဝတ်စုံ အစုံ ၁၀,၀၀၀ ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကိုယ်စား စစ်သံမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ်ဟာ ည ၈ နာရီမှာ ပြန်လည်ထွက်ခွာသွားပြီး COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာကိစ္စရပ်တွေအတွက် မြန်မာ့တပ်မတော်ကဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးဖို့ ရန်ကုန်ကိုရောက်နေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က Dr. Bai Chong ဦးဆောင်တဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင် ၆ ယောက်လည်း ပြန်လိုက်သွားခဲ့ပါတယ်။
သူတို့မပြန်ခင်မှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Dr. Bai Chong နဲ့အဖွဲ့ကို မြန်မာ့တပ်မတော်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက Video Call နဲ့ ဆက်သွယ်ပြီး COVID-19 ရောဂါကာကွယ်ရေး၊ ထိန်ချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ ဆောင်ရွက်မှုထဲကနေ လိုက်ပါဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။
အခုလို မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ကူညီပေးခဲ့တာတွေ၊ တရုတ်နိုင်ငံနဲ့ဆေးတပ်ဖွဲ့အနေနဲ့ ရောဂါဖြစ်ပွားချိန်ကစပြီး အချိန်တိုအတွင်း အောင်အောင်မြင်မြင် ကုသထိန်းချုပ်နိုင်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို မျှဝေပေးခဲ့တာနဲ့ အထောက်အကူပြု ဆေးပစ္စည်းတွေ ပေးပို့လှူဒါန်းတာတွေအတွက်မြန်မာ့တပ်မတော်က အထူးကျေးဇူးတင်တယ်လို့ လည်း ပြောခဲ့ပါတယ်။
အဲဒီ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဆေးအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ ပတ်ကြာနေထိုင်ပြီး COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာကိစ္စတွေကို မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးတာ၊ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်။
ဓာတ်ပုံ-CINCDS