ထိုင်ဝမ်ဟာ သြဂုတ် ၂၀ ရက်က သူ့ရဲ့ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းကို ပြသခဲ့ပြီး ကျွန်းရဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်းကနေ ဝေးလံတဲ့ ဂျူဖုန်းနယ်မြေရှိ အရေးကြီးတဲ့ စမ်းသပ်နယ်မြေကို သွားရောက်တဲ့ ခရီးစဉ်အတွင်း မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို သတင်းထောက်တွေရှေ့မှောက်မှာ ပြသခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ ပင်းထွန်းကောင်တီရှိ ဂျူးဖုန်အခြေစိုက်စခန်းမှာ အရုဏ်တက်ချိန်က စစ်ရေးစမ်းသပ်မှုအဖြစ် အမေရိကန်လုပ် ပက်ထရီယော့ ဒုံးကျည်နဲ့ ထိုင်ဝမ်လုပ် စကိုင်းဘောင်း-သရီး ဒုံးကျည် ၂ စင်းစလုံးကို ကောင်းကင်ပေါ် ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကမ်းလွန်ပင်လယ်ပြင်မှာလည်း စစ်သင်္ဘောတစင်းက RIM-66 စတန်းဒတ် ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့ပါတယ်။
“ဒီနေ့ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အားလုံးဟာ အမှတ်အသားကို ချောမွေ့စွာ ထိမှန်ခဲ့ပြီး အချက် ၂ ချက်ကို သက်သေပြခဲ့တယ်” လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွန်လီဖန်က ပြောပါတယ်။
“ပထမအချက်က ကျွန်ုပ်တို့ရဲ့ စစ်သည်တွေရဲ့ လေ့ကျင့်မှုဟာ အလွန်ကို ကျစ်လျစ်ခိုင်မာပြီး နောက်တချက်ကတော့ ဒီဒုံးကျည်ပစ်လွှတ်မှု လုပ်ငန်းစဉ်မှာ ကျွန်ုပ်တို့ရဲ့ လက်နက်စနစ်တွေကို စစ်ဆေးအတည်ပြုခဲ့တာ ဖြစ်ကြောင်းနဲ့ အားလုံးက ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ကို ပြီးမြောက်ခဲ့ပြီ” လို့ ဆွန်လီဖန်က ပြောပါတယ်။
သူတို့ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အလုံးစုံအခြေအနေကို ထိန်းချုပ်ထားပြီး သတင်းအချက်အလက် မှန်သမျှကို ထုတ်ပြန်ကြေညာကြောင်းနဲ့ ရန်သူရဲ့ ကင်းထောက်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး သူတို့မှာလည်း သူတို့ရဲ့ ကင်းထောက်ဆန့်ကျင်ရေး နည်းလမ်းတွေ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ရဲ့ အကြီးဆုံး ကွင်းပြင်ကျယ်ကြီးဖြစ်တဲ့ ဂျူဖုန်းကန္တာရနယ်မြေဟာ အစိုးရရဲ့ လက်နက်ထုတ်လုပ်သူ နေရှင်နယ် ချွန်းရှန်း သိပ္ပံနဲ့နည်းပညာ အင်စတီကျုက ထုတ်လုပ်တဲ့ ဒုံးကျည်အသစ်တွေကို စမ်းသပ်တဲ့နေရာလည်း ဖြစ်ပါတယ်။
ဒုံးကျည်အသစ်တွေဟာ တရုတ်နိုင်ငံတွင်းရှိ ပစ်မှတ်တွေကို ထိမှန်စေဖို့ ဒီဇိုင်းထုတ်ထားတဲ့ တာလတ်ပစ် အသံထက်မြန်တဲ့ ဆီအွန်းဖွှန်း ဒုံးကျည်ရဲ့ တာဝေးပစ် ဗားရှင်းအသစ်နဲ့ တူတယ်လို့ ဆိုပါတယ်။
ပေကျင်းဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာဖြစ်အောင် ကြိုးပမ်းနေပြီး တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုကို အရှိန်မြှင့်လာတာကြောင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်က ဝေဖန်ပြစ်တင်ခဲ့ပြီး တိုင်ပေဟာ သူ့ရဲ့ ဟန့်တားမှုစွမ်းရည်ကို အားကောင်းအောင် လုပ်လာတာလည်း ဖြစ်ပါတယ်။
Source-Reuters