ဒီးမော့ဆိုမြို့နယ်တွင် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး မိုးကြိုးထိမှန်သေဆုံး
နော်နိုရင်း
·
May 11, 2020
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့ မေလ ၁၁ ရက် မွန်လွဲပိုင်းက မိုးသက်လေပြင်းကျ မိုးကြိုးပစ်မှုကြောင့် ကလေးငယ်တဦးအပါအဝင် သုံးဦး မိုးကြိုးထိမှန်သေဆုံးသွားပါတယ်။
ဒီကနေ့ မွန်းလွဲ ၂နာရီဝန်းကျင်လောက်က ငွေတောင်ကျေးရွာအုပ်စု၊ ဒေါငံခါးကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတဦးနဲ့ သူ့သမီး အသက် ၇ နှစ်အရွယ်ကလေးငယ်ဟာ ညောင်းကုန်းစိုက်ကွင်းမှာ လယ်စိုက်နေချိန် မိုးကြိုးထိမှန်သေဆုံးခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကပြောပါတယ်။
“ ၂နာရီ ၅ မိနစ်က ဒီးမော့ဆိုငွေတောင်မှာဖြစ်တာ။ ဒေါ်လူစီးယာ အသက် ၄၁ နှစ်ရယ်၊ သမီးက မဂျိုးစဖင်းစုခိုင်နှင်း အသက် ၇ နှစ်၊ သူက ငွေတောင်အုပ်စု ညောင်ကုန်းစိုက်ပျိုးရေးမှာ စပါးစိုက်ပျိုးနေတုန်း မိုးကြိုးထိမှန်တာပေါ့နော်။ ”
အလားတူ ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာနေသူ စောအယ်သာဝါး (ခေါ်) ကော့ကော် အသက် ၄၆ နှစ်ဟာ မွန်းလွဲ ၁နာရီခွဲလောက်က လယ်ကွင်းမှာ ထွန်စက်နဲ့ လယ်ထွန်နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့တာလို့လည်း ဦးဉာဏ်လှိုင်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာ မိုးသက်ပြင်းကျရောက်မှုကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့ နယ်အပြင် ဒီးမော့ဆိုနဲ့ဖရူဆိုမြို့နယ်တွေမှာ သစ်ပင်တွေ၊ ဓတ်တိုင်တွေ ပြိုလဲပျက်စီးတာတွေနဲ့ အဆောက်အအုံတချို့ အမိုးလန်ပျက်စီးခဲ့ပါတယ်။