ကိုဗစ်ကပ်ဘေးကာလကို ထင်ဟပ်စေသည့် သာဒီးလူ သီချင်းသစ် - “အိပ်မက်ပဲ ဖြစ်ချင်တယ်” (ရုပ်သံ)
DVB
·
May 9, 2020
“ဒါ အိပ်မက်ဆိုးလား ဖြေပါ… ဘယ်သူမှ မသိနိုင်ပါ… ခေတ်ရဲ့ ဆိုးမွေတွေကြား… လူရယ်လို့ ဖြစ်တည်လာ… ကပ်ဆိုက်တာတဲ့လား… ကျိန်စာများ သင့်သလား… ဘယ် ဘုရားမှ မကယ်နိုင်ပါ… ဒဏ်ခတ်ထားတဲ့ သံသယများစွာ”
ဒါကတော့ ထူးခြားတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ ပရိသတ်အချစ်တော် တေးသံရှင် သာဒီးလူရဲ့ သီချင်းသစ်တပုဒ်ထဲက သီချင်းစာသားတွေဖြစ်ပြီး ဒီသီချင်းကိုတော့ သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာပါ။
“ခက်ခဲစွာ အသက်ရှူဆဲ… မျက်ဝန်းမှာ မျက်ရည်များလည်းလည်… နတ်ဆိုးတွေ ငါ့ကို ကိုက်ခဲ… ဒီအမှောင်နက်ထဲ ပြန်နိုးထချင်တယ်… ဘယ်ဆီကို ထွက်ပြေးမလဲ… ဘယ်ဆီကို ရှောင်ပုန်းမလဲ… ငါတို့အနာဂတ်ဟာ ငါတို့ပဲ ပိုင်တယ်… အားတင်းရင်း ရှေ့ ဆက်ခဲ့… ဘယ်ဆီကို ထွက်ပြေးမလဲ… ဘယ်ဆီကို ရှောင်ပုန်းမလဲ… ငါတို့အနာဂတ်ဟာ ငါတို့အတွက်… ဆုတောင်းပါတယ်… ဒါ အိပ်မက်ကလေးပဲ ဖြစ်ချင်တယ်”
ဒီသီချင်းကိုတော့ သာဒီးလူရဲ့ သီဆိုမှုနဲ့အတူ Lyrics Video အနေနဲ့ Tay Than Thar Music ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။
“ဘယ်ဆီကို ထွက်ပြေးမလဲ… ဘယ်ဆီကို ရှောင်ပုန်းမလဲ… ငါတို့အနာဂတ်ဟာ ငါတို့ပဲ ပိုင်တယ်… အားတင်းရင်း ရှေ့ ဆက်ခဲ့… ဘယ်ဆီကို ထွက်ပြေးမလဲ… ဘယ်ဆီကို ရှောင်ပုန်းမလဲ… ငါတို့အနာဂတ်ဟာ ငါတို့အတွက်… ဆုတောင်းပါတယ်… ဒါ အိပ်မက်ကလေးပဲ ဖြစ်ချင်တယ်”
ကိုယ်ပိုင်သီချင်းစာသား အလန်းတွေနဲ့ အားမန်ပါပါ သီဆိုလေ့ရှိတဲ့ သာဒီးလူရဲ့ သီချင်းတွေဟာ လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပြီး ပြည့်တန်ဆာ၊ လို သလိုသုံး၊ ရန်သူတော်ခြောက်ပါး စတဲ့ သီချင်းတွေနဲ့အတူ ဟစ်ဟော့ပ်အဆိုတော် J-Me နဲ့ ထူးထူးခြားခြား တွဲဖက်သီဆိုထားတဲ့ ဂျူဒီ သီချင်းဟာလည်း လူကြိုက်များတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကျဖြစ်တဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ ထင်ဟပ်တဲ့ သီချင်းတွေ သီဆိုလေ့ရှိတဲ့ သာဒီးလူဟာ လက်ရှိအချိန်ထိ ပြယုဂ်၊ ကျွန်တော်ရူးနေသည် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၂ ချပ်ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။