Home
မြန်မာသတင်း
မြင်းမူမြို့တွင် အရက်ကြောင်နေသူက ထန်းရွက်ပုံ မီးရှို့ရာမှ နေအိမ် ၄၅ လုံး မီးလောင်ဆုံးရှုံး 
DVB
·
May 9, 2020
Myin Mu Fire 2
Myin Mu Fire 1
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာမှာ မေလ ၈ ရက်နေ့ ညနေပိုင်းက အရက်ကြောင် ကြောင်နေသူတဦး မီးရှို့လို့ နေအိမ် ၄၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုက စိုင်မြစ်ရွာနေ အသက် ၄၅ နှစ်အရွယ် ဝင်းဇော်လင်း ဆိုသူက အရက်ကြောင်ပြီး ဦးဖိုးကိုနဲ့ ဦးမြင့်ထွန်းတို့ နေအိမ်အကြားက ထန်းရွက်ပုံကို မီးရှို့ခဲ့ရာကနေ ဦးဖိုးကိုအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ကာ နောက်ထပ်နေအိမ် ၄၀ ကျော်ပါ မီးလောင်ဆုံးရှုံးခဲ့တာပါ။ မီးလောင်မှုကြောင့် စိုင်မြစ်ရွာက ထန်းရွက်မိုး ထရံကာ မြေစိုက် ၁ ထပ် ၁၉ လုံး၊ ထန်းရွက်မိုးထရံကာ မြေစိုက် ၂ ထပ် ၁ လုံး၊ သွပ်မိုးပျဉ်ကာပျဉ်ခင်း ၂ ထပ် ၆ လုံး၊ သွပ်မိုးပျဉ်ကာ မြေစိုက် ၁ လုံး၊ သွပ်မိုး ထရံကာ ပျဉ်ခင်း ၂ ထပ် ၂ လုံး၊ သွပ်မိုးထရံကာ ‌မြေစိုက် ၁၀ လုံး၊ သွပ်မိုးအုတ်ကာအုတ်ခင်း ၂ ထပ် ၂လုံး၊ သွပ်မိုးအုတ်ကာအုတ်ခင်း ၁ ထပ် ၄ လုံး စုစုပေါင်း အိမ်ခြေ ၄၅ လုံးနဲ့ တခြားလယ်ယာသုံးစက်ပစ္စည်းတွေ၊ နွားစာ၊ စပါးအပါအဝင် အိမ်တွင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ နီးပါးရှိခဲ့ပါတယ်။  မီးလောင်မှုကြောင့် လူနဲ့ ကျွဲ နွားတွေ ထိခိုက်မှု မရှိပေမယ့် အိမ်ထောင်စု ၅၂ စုက လူဦးရေ ၁၈၁ ဦး မီးဘေးဒုက္ခသည်ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုကို မြင်းမူ၊ ချောင်းဦး၊ မြောင်မြို့နယ်တို့က တိုင်းမီးသတ်ဦးစီးမှု ဦးဆောင်တဲ့ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ တပ်မတော်သား၊ ရဲ၊ ပြည်သူ၊ ရဟန်းသံဃာစုစုပေါင်း ၃၀၀ ဝန်းကျင်တို့က မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၅ စီးတို့နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။  မီးရှို့သူ ဝင်းဇော်လင်းကိုတော့ ရဲတပ်ဖွဲ့က ၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာမှာ ပေါ့ဆမီးတဆင့် နေအိမ် ၃၇ လုံးမီးလောင်ဆုံးရှုံးခဲ့သလို ကျပ်သိန်း ၄၂၀၀ ကျော်ဆုံးရှုံးခဲ့တဲ့ စစ်ကိုင်းစက်မှုဇုန် ချည်မျှင်စက်ရုံ မီးလောင်မှုလည်း မတ်လအတွင်းက ဖြစ်ပွားခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024