Home
မြန်မာသတင်း
ကလေးမြို့က ကိုဗစ်လူနာအမျိုးသမီး ၁ ဦး ရောဂါသက်သာ၍ ဆေးရုံဆင်း
Aung Ko Latt
·
May 9, 2020
Kalay COVID-19 Pateint recover
စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ စစ်ကိုင်းမြို့မှာ ၁ ဦး၊ ကလေးမြို့မှာ ၆ ဦး စုစုပေါင်း ၇ ဦးရှိပြီး ကလေးမြို့က လူနာအမျိုးသမီးတဦး ရောဂါသက်သာ‌ပျောက်ကင်းလို့ မေလ ၈ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။  စစ်ကိုင်းတိုင်းအတွင်း ရောဂါပိုးတွေ့ရှိထားသူတွေထဲမှာ ပထမဆုံးဆေးရုံက ဆင်းခွင့်ရသူလည်း ဖြစ်ပါတယ်။ "လူနာအမှတ် Case -74 ရဲ့ ဓာတ်ခွဲနမူနာကို မေလ ၄ ရက်နေ့မှာ စစ်ဆေးခဲ့ရာ Negative တကြိမ်ပြခဲ့သလို မေ ၈ ရက်နေ့မှာလည်း Negative တကြိမ် ပြခဲ့တာကြောင့် COVID -19 ရောဂါပျောက်ကင်းပြီဖြစ်လို့ မေလ ၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီ" လို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးတို့ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရသေးပါဘူး။  ကလေးမြို့ဆေးရုံကြီးမှာ ကျန်ရှိတဲ့ လူနာ ၅ ဦးဟာ  လူနာအမှတ် ၈၈ နဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ တမိသားစုအတွင်းမှ လူနာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးနှင့် အကစားဝန်ကြီးဌာနက မေ ၉ ရက်နေ့ မနက်အထိ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ရောဂါပိုးတွေ့သူ ၁၇၇ ဦး၊ ပြန်လည်သက်သာလာသူပေါင်း ၆၇ ဦး၊ ဆေးရုံကဆင်းခွင့်ပြုသူ ၄၃ ဦး၊ သေဆုံးသူ ၆ ဦးရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024