ရာမောင်တံတားအနီး ဈေးသည်အမျိုးသမီး ၁ ဦး လက်နက်ကျည်ထိမှန် ဒဏ်ရာရ
ဝဏ္ဏခွာညို
·
May 7, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအောက်မှာ စျေးဆိုင်ရောင်းချနေတဲ့ အမျိုးသမီးတဦး ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်လောက်က လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာရရှိသွားပါတယ်။
ရာမောင်တံတားနားက အမ်းသားကျေးရွာက စျေးရောင်းသူ ဒေါ်အေးချမ်းခိုင် အသက် ၃၆ နှစ်ဟာ လက်နက်ငယ်ကျည်ထိမှန်ခဲ့တာကြောင့် ဘယ်ဘက်ခြေသလုံးမှာ ကျည်ဖောက်ဝင်သွားလို့ မင်းပြားပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ကာယကံရှင် ဒေါ်အေးချမ်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။
"နေ့လယ် ၂ နာရီလောက်ကဖြစ်မယ် ကျမက ရာမောင်တံတားအောက်စျေးဆိုင်ဖွင့်ပြီး ဆိုင်ရောင်းနေတာ။ ကလေးနဲ့အတူထိုင်နေတာ။ အဲ့ဒီအချိန်မှာ ကျည်က ကျမဆီကိုလာထိတယ်။ ခြေသလုံးကို ဖောက်ဝင်သွားတယ်။ သားကတော့ဘာမှမဖြစ်ဘူး။ ရာမောင်တံတားအနားမှာ တပ်မတော်က တပ်စွဲထားတာရှိတယ်။ ဘယ်ကပစ်လိုက်မှန်းတော့ကျမ မသိဘူး။ လက်ရှိမှာတော့ ခြေသလုံးမှာ ကျည်ဝင်သွားတာကြောင့် မင်းပြားဆေးရုံကို ရောက်ရှိနေပြီး ဓာတ်မှန်ရိုက်ကူးထားတာ အဖြေသိရဖို့စောင့်ဆိုင်းနေတယ်”
ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်စရာမရှိပေမယ့် လမ်းမလျှောက်နိုင်ဘူးလို့လည်း ဒေါ်အေးချမ်းခိုင်က ပြောပါတယ်။
အဆိုပါပစ်ခတ်မှုဟာ ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာကိုတော့ မသိရသေးသလို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှလည်း သူတို့ရဲ့လက်ချက်လို့ ထုတ်ဖော်ဝန်ခံလေ့မရှိပါဘူး။
သင်္ဂဟကမ်းလက်လက်ရက္ခိတအဖွဲ့အသင်းဥက္ကဋ္ဌ ကိုအမ်းသားကြီးက " ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး။ လေယာဉ်နဲ့လာပစ်နေတာတွေရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိတယ်။ နောက်ပြီး ရာမောင်နားက ရေတပ်ကလည်း ပစ်ခတ်နေတာတွေရှိတယ်။ တောင်ကုန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေရှိနေတယ်။ ဖုံသာချောင်းဘက်တောင်တန်းတွေကို တလျှောက်ပစ်နေတာတွေရှိနေတယ်။ တိုက်ပွဲနဲ့ မသက်ဆိုင်ပဲ ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေသေဆုံးတာ၊ ဖမ်းဆီးခံနေရတာ၊ ညှဉ်းပန်း နှိပ်စက်ခံရပြီး သေဆုံးတာတွေများပြားလာနေပါတယ်။” လို့ ပြောပါတယ်။
ဧပြီ ၂၀ ရက်က မင်းပြားမြို့နယ် ရာမောင်းတံတားအနီးမှာ ပစ်ခတ်ခံရလို့ WHO ဝန်ထမ်း ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်ဟာ မင်းပြားဆေးရုံမှာ ဆေးကုသခံယူနေရင်း သေဆုံးခဲ့ရပြီး သူနဲ့အတူပါလာသူ တဦးကတော့ ဒဏ်ရာရသွားလို့ စစ်တွေဆေးရုံမှာ ဆေးကုသခံယူနေရပါတယ်။
ဒါ့အပြင် ဧပြီ ၂၁ ရက်နေ့ကလည်း မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ပစ်ခတ်မှုဖြစ်လို့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဆေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့ကာ တဦးကတော့ စစ်တွေဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။