Homeမြန်မာသတင်း
ရှမ်းပြည်နယ်ထွက် ပြောင်းဖူးများ တရုတ်ပြည်ဘက်တင်ပို့ခွင့်မရသဖြင့် အရှုံးပေါပြီး မြစ်ထဲလွှင့်ပစ်နေ
ရှမ်းပြည်နယ်ထွက် ပြောင်းဖူးများ တရုတ်ပြည်ဘက်တင်ပို့ခွင့်မရသဖြင့် အရှုံးပေါပြီး မြစ်ထဲလွှင့်ပစ်နေ
နန်းမြနဒီ
·
May 7, 2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေပိတ်ထားလိုက်လို့ မြန်မာနိုင်ငံဘက်ခြမ်းက တန်ချိန်ပေါင်းရာနဲ့ချီတဲ့ ပြောင်းဖူးတွေလည်း တင်သွင်းရောင်းချလို့မရတော့ဘဲ ကုန်သည်တွေရော တောင်သူတွေပါ အရှုံးပေါ်နေပါတယ်။
မူဆယ်ခရိုင်ရှိ တရုတ်နယ်စပ်ဂိတ်တွေမှာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစပြီး လူဝင်လူထွက် ကန့်သတ်ထားပြီး တရုတ်နိုင်ငံသားတွေ လုံး၀၀င်ထွက်ခွင့်မပြုဘဲ မြန်မာနိုင်ငံသားတွေ ဆိုရင် တရုတ်ပြည်က အထွက်သာရပြီးဝင်လို့မရပေမဲ့ ကုန်တင်ကားတွေတော့ တင်ပို့ ခွင့်ရခဲ့ ပါတယ်။
ဒါပေမယ့်လည်း ဒီဧပြီလကုန်ပိုင်းကစ ပြောင်းဖူးတွေရင့်မှည့်လာချိန်မှာတော့ တရုတ်ပြည်က ကုန်ပစ္စည်းတွေပါ တင်ပို့ခွင့်မပြုတော့တာကြောင့် ပြောင်းစိုက်တောင်သူတွေ အခက်အခဲဖြစ်နေရတာလို့ မူဆယ်မြို့က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ဒီအချိန်ကပြောင်းဖူးပေါ်ချိန်ပေါ့။ ကျနော်တို့ မူဆယ်နမ့်ခမ်းဒေသက တောင်သူတွေအားလုံး ပြောင်းဖူးကို အဓိကထားစိုက်တယ်။ ပြီးတော့တရုတ်ပြည်ကို တင်ပို့ရောင်းချကြတယ်လေ၊ ဒီနှစ်တော့ တရုတ်ပြည်ထဲပို့ လို့မရဘူး။ ဟိုဘက်က ကုန်သည်တွေလည်း လာဝယ်လို့မရဘူး။ ပြောင်းဖူးတင်တဲ့ကားတွေဆိုရင် ထော်လဂျီကားတွေတင် ရာနဲ့ချီတယ်။ အလေးချိန်အရဆိုရင်လည်း တန်ချိန်ပေါင်းရာနဲ့ချီရှိနိုင်တယ်။”
တချို့ တောင်သူတွေကတော့ ပြောင်းတွေကို မြစ်ထဲလွှင့်ပစ်တာ၊ အလကားပေးပစ်တာတွေ ရှိနေတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောပါတယ်။
“ခါတိုင်းဆို ဂိတ်မကြီး ကနေဝင်လို့မရတောင်မှ ရွာလမ်း ၊ တောလမ်းတွေကနေ နားလည်မှုနဲ့ သွားလို့ရသေးတယ်။ အခုဟာက အပေါက်တိုင်းမှာ တရုတ်စစ်တပ်တွေလာချထားပြီး လုံးဝပေး မ ဝင်တော့ဘူး။ တချို့ တောင်သူတွေလည်း ဒေါသထွက်ပြီး ရွှေလီမြစ်ထဲကားအစီး လိုက်သွန်ချပစ်လိုက်တယ်။ တချို့ကတော့ လိုချင်တဲ့ သူတွေကို အလကားပေးလိုက်တယ်။ ပြောင်းဖူးက ပြောင်းဆံအခြောက်တွေ တင်သွင်းတာ မဟုတ်ဘဲ ပြောင်းစိမ်းတွေဆိုတော့ အထားမခံဘူးပေါ့ ”
ပြောင်းခြံအများစုဟာ မျိုးစေ့ရော ၊ ဓာတ်မြေသြဇာတွေပါ တရုတ်ပြည်ဘက်က လုပ်ငန်းရှင်တွေက ထုတ်ပေးထားတာဖြစ်ပြီး ဒီဘက်တောင်သူတွေက ပြောင်းဖူးနဲ့ ပြန်သွင်ရတာ ဖြစ်ပါတယ်။
အဆိုပါ လုပ်ငန်းရှင်တွေကလည်း တရုတ်ဘဏ်တွေကနေ ချေးငှား ပြီးလုပ်ကိုင်ကြတာဖြစ်လို့ ရင်းနှီးသူရောလုပ်ကိုင်ရောင်းချသူပါ နှစ်ဦးနှစ်ဘက်လုံး နစ်နာမှုနဲ့ကြုံတွေ့နေ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ၊ နယ်စပ်ကုန်သွယ်ပို့ဆောင်ရေးကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာတာဝန်ရှိသူဘက်က ဒီဘက်ကပြောင်းတွေကို တရုတ်ပြည်ကျယ်ဂေါင်နယ်စပ်အထိ ရောက်အောင် ဆောင်ရွက်ပေးနိုင်မယ့်လည်း တရုတ်ပြည်အတွင်းပိုင်းက ကုန်သည်တွေ လာသယ်လို့ရမရတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။
နှစ်ဘက်အဆင်ပြေစေဖို့ မြန်မာဘက်ကတာဝန်ရှိသူတွေ တရုတ်ဘက်ကို ဆက်သွယ် တင်ပြထားရာမှာ မနက်ဖန် မြန်မာဘက်ခြမ်းက မူဆယ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တရုတ်ဘက်က တယ်ဟုန်တိုင်းအစိုးရ တာဝန်ရှိ သူတွေ ဆွေးနွေးညှိနှိုင်းကြဖို့ ရှိပါတယ်။