ချန်းရိစက်ရုံစကားပြန် COVID-19 လူနာအမှတ် ၁၄၄ ပထမအကြိမ်စစ်ဆေးမှု ရောဂါပိုးမတွေ့
DVB
·
May 6, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့က COVID-19 လူနာအမှတ် ၁၄၄ ဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရာမှာ ဓာတ်ခွဲစစ်ဆေးအတည်ပြုချက်အရ ပထမအကြိမ် COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ မေ ၅ ရက်မှာ မိုးညှင်းဆေးရုံမှ ဒေါက်တာဖြူလေးဝေက ပြောပါတယ်။
ဒေါက်တာဖြူလေးဝေရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ “မိုးညှင်း ၈ ယောက်၊ အားလုံး negative ပါ” လို့ ရေးသားဖော်ပြထားပါတယ်။
အသက် ၂၄ နှစ်အရွယ် လူနာအမှတ် ၁၄၄ ဟာ ရန်ကုန် လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ ချန်းရိဖိနပ်စက်ရုံမှာ စကားပြန် တာဝန်ယူထားတဲ့ ဝန်ထမ်းတဦး ဖြစ်ပါတယ်။
သူ့ကို ဧပြီ ၂၄ က ဓာတ်ခွဲစစ်ဆေးရာ Positive ဖြစ်ခဲ့တဲ့အတွက် ဧပြီ ၂၅ ရက်မှာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေတာပါ။
သူနဲ့အတူ ပုညရှင် စက္ခုပါလ မျက်စိအခမဲ့ကုဆေးရုံရဲ့ Facility Quarantine စင်တာမှာ တခန်းတည်း အတူနေခဲ့တဲ့ အခန်းဖော် ၆ ဦးနဲ့ သူ့ကိုမြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ခရိုင်ကျန်းမာရေးဌာနက ဝန်ထမ်း ယာဉ်မောင်း ၁ ဦး၊ အာခေါင်တို့ဖတ်ခြစ်ပေးခဲ့သူ ဓာတ်ခွဲဝန်ထမ်းတဦး စုစုပေါင်း ၈ ဦးတို့ကို ပထမအကြိမ် စစ်ဆေးရာမှာ အားလုံး ပိုးမတွေ့ကြောင်း သိရပါတယ်။
သတင်း- ခင်သန်းညွန့်