ဝေဘာဂီနှင့် တောင်ဥက္ကလာဆေးရုံ ကျန်းမာရေးဝန်ထမ်းများကို အစားအသောက် လှူဒါန်းပေးနေ
DVB
·
May 3, 2020
ရန်ကုန်တိုင်း ဝေဘာဂီနဲ့ တောင်ဥက္ကလာဆေးရုံတွေက Isolation Ward မှာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ၅၀၀ ကျော်အတွက် နေ့စဉ် အစားအသောက်တွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ရွှေပါရမီ ဖောင်ဒေးရှင်းက လှူဒါန်းပေးနေပါတယ်။
ရွှေပါရမီဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူး ဦးအေးကိုက “ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် ရွှေပြည်နန်း ကုမ္ပဏီက သိန်း ၂၀၀၀ ကျပ် မတည်ထားတဲ့ထဲက သိန်း ၁၀၀၀ လှူဒါန်းပေးထားပါတယ်။ ဝေဘာဂီဆေးရုံနဲ့ တောင်ဥက္ကလာဆေးရုံတွေက Isolation Ward မှာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေနဲ့ volunteer တွေအတွက် အစားအသောက်တွေကို အလှူရှင်တွေနဲ့ပူးပေါင်းပြီး နေ့စဉ် လှူဒါန်းပေးနေပါတယ်။”
မနက်၊ နေ့လယ်၊ ညနေ စာ နေ့စဉ် သုံးကြိမ်လှူဒါန်းပေးပြီး မကွေးတိုင်းအစိုးရကို သိန်း ၁၀၀ ကျပ် မ တည်ပေးထားသလို COVID-19 ရောဂါ အကာကွယ်ပစ္စည်း ၈၈ သိန်းဖိုး လှူဒါန်းပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် တီးတိန်ဆေးရုံကိုလည်း လိုအပ်တဲ့ အကာကွယ်ပစ္စည်းတွေ ထောက်ပံ့ပေးထားတယ်လို့ ဦးအေးကိုက ပြောပါတယ်။
ရွှေပါရမီဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ဆေးရုံတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းတွေ လိုအပ်တဲ့ နေရာတွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
မင်းထီး