Homeမြန်မာသတင်း
မြန်အောင်မြို့တွင် ဈေးနှင့်ကားဂိတ်များ ပိတ်ရက်တိုးလိုက်သဖြင့် အခြေခံလုပ်သားများ အခက်တွေ့
မြန်အောင်မြို့တွင် ဈေးနှင့်ကားဂိတ်များ ပိတ်ရက်တိုးလိုက်သဖြင့် အခြေခံလုပ်သားများ အခက်တွေ့
DVB
·
May 2, 2020
COVID-19 ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့မှာ ကားဂိတ်တွေနဲ့ ဈေးတွေရဲ့ ပိတ်ရက်ကို မေလ ၁၅ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တာကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ဈေးဆိုင်အကူရောင်းသူ အစရှိတဲ့ အခြေခံအလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။
ယာဉ်မောင်းတဦးက “ကျနော်တို့က ကားမောင်းမှ ထမင်းစားရတာလေ၊ အခုကားလိုင်းတွေ ပိတ်ထားတော့ စားဝတ်နေရေး အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။
မြန်အောင်မြို့ကနေ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ နေပြည်တော်၊ မကွေး၊ ပြည်၊ ပုသိမ်စတဲ့ မြို့တွေကိုဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁၀ ကျော်ရှိပါတယ်။
ဧရာသစ္စာ ယာဉ်လိုင်းပိုင်ရှင် ဦးသာလင်းက “အဓိကတော့ဗျာ ကားပိုင်ရှင်တွေကတော့ သိပ်ပြီးတော့ ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ ကားမောင်းတွေနဲ့ စပယ်ယာတွေကျတော့ ကားမထွက်ရတော့ ခေါက်ကြေးမရဘူး။ ခေါက်ကြေးမရတော့ စားဝတ်နေရေး အခက်အခဲရှိတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မြန်အောင်မြို့ မြို့မနေခြည်ဈေးမှာလည်း ဆေးဆိုင်နဲ့ အခြေခံစားသောက်ကုန်ဆိုင်တွေသာ ဖွင့်လှစ်ရောင်းချခွင့်ရှိပြီး ကျန်ဈေးဆိုင်တွေကို ရောင်းချခွင့် ပိတ်ပင်ထားပါတယ်။
“ကျနော်တို့ ဆိုင်ပိုင်ရှင်တွေကတော့ သိပ်မသိသာဘူးပေါ့ဗျာ။ ဒါပေမဲ့ ဆိုင်က အလုပ်သမားတွေဆို အခက်အခဲရှိတယ်။ ကျနော့်ဆိုင်က အလုပ်သမား ၃ ဦးကိုတောင် ဆန်တို့၊ ဆီတို့ ထောက်ပံ့ပေးရထားတယ်။ တချို့ဆိုင်ပိုင်ရှင်တွေက ထောက်ပံ့တယ်။ တချို့ကတော့လည်း မထောက်ကြဘူး” လို့ အထည်ဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။
အခုပိတ်လိုက်တဲ့ဈေးတွေကတော့ မြန်အောင်မြို့နယ်ထဲက မြန်အောင်မြို့မနေခြည်ဈေး၊ ကနောင်၊ အင်ပင်၊ သပြေကုန်းနဲ့ တာဂွတဲကြီးကုန်းဈေးတို့ ဖြစ်ပါတယ်။
အခုလို ကားဂိတ်တွေ၊ ဈေးတွေပိတ်တာကြောင့် အနှေးယဉ်လုပ်သားတွေ၊ အခြား ကျပန်း အလုပ်သမားတွေဟာလည်း ဝင်ငွေနည်းသွားပြီး စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။
ကားဂိတ်နဲ့ ဈေးတွေပိတ်ဖို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ဧပြီ ၃၀ ရက်နေ့ ရက်စွဲနဲ့ တားမြစ်ထားပြီးနောက် မေ ၁၅ ရက်အထိ တိုးမြှင့်လိုက်တာပါ။
မေလ ၁ ရက်နေ့က စာရင်းတွေအရ မြန်အောင်မြို့နယ်ထဲကို အခြားမြို့တွေက ပြန်ဝင်လာသူ ၁၁၂ ဦး စောင့်ကြည့် စခန်း ၂၀ မှာ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။