မကွေးမြို့ ခရီးသည်တင်ယာဉ်အစီး ၃၀၀ ခန့်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့
DVB
·
May 1, 2020
COVID-19 ရောဂါကြောင့် လုပ်ငန်းရပ်နားထားရတဲ့ မကွေးမြို့က ခရီသည်တင် မော်တော်ယာဉ်အစီး ၃၀၀ လောက်က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ မကွေးတိုင်း ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
“ခရီးသည်တင် ယာဉ်လိုင်းက ကောက်ခံရရှိတဲ့ ယာဉ်ကြီးကြပ်ခ ငွေထဲကနေ ၄၅ သိန်းကျပ်ဖိုး ထောက်ပံပေးတာပါ။ မော်တော်ယာဉ်တစီး ဆန် ၈ ပြီ၊ ကုလားပဲခြမ်း ၁ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ဆား ၁ ပိဿာ အပြင် အလှူရှင်တဦး ကြတ်သွန်ဖြူ ၁ ထုတ်စီ လှူဒါန်းပေးခဲ့ပါတယ်။”
မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ဧပြီလကုန်လောက် အလုပ်ပြန်လုပ်ရဖို့ မျှော်မှန်းထားပေမယ့် COVID-19 ရောဂါပိုးတွေ့ရှိသူ တိုးမြင့်လာတဲ့အတွက် မေ ၁၅ ရက်နေ့အထိ ရပ်နားထားဖို့ ရက်ထပ်မံတိုးမြှင့်ထားတာကြောင့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေ စားဝတ်နေရေး အခက်ခဲဖြစ်နေကြတယ်လို့ အောင်သစ္စာမော်တော်ယာဉ်လိုင်း ဂိတ်ပိုင် ဦးအောင်ကျော်ဦးက ပြောပါတယ်။
"COVID-19 ရောဂါ ဂယက်ကြောင့် လုပ်ငန်းတိုင်းလိုလို အနည်းနဲ့ အများ ထိခိုက်မှုတွေရှိပါတယ်။ အခုလို ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအတွက် အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးလို့ ဝမ်းသာပြီး ကျေးဇူးတင်ပါတယ်။ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို အစပိုင်းက ခရီးသည် တဝက်လျှော့တင်ပြီး ပြေးဆွဲခဲ့သလိုမျိုး ခွင့်ပြုပေးရင်တော့ ပိုမို အဆင်ပြေနိုင်ပါတယ်။"
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင် မကွေးတိုင်းအစိုးရအဖွဲ့က မတ် ၁၃ ရက်နေ့ကစတင်ပြီး မေ ၁၅ နေ့ထိ ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေ ယာယီရပ်နာထားဖို့ ပန်ကြားချက် ၃ ကြိမ်ထုတ်ပြန်ထားတာပါ။
မင်းထီး