မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းလျှော့ချ
DVB
·
May 1, 2020
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ စိုက်ပျိုးစရိတ် ချေးငွေအပေါ် တောင်းခံတဲ့ အတိုးနှုန်း၊ စုဆောင်းအပ်ငွေတွေအပေါ်မှာပေးတဲ့အတိုးနှုန်းနဲ့ ဒဏ်တိုးနှုန်းတွေကို မေလ ၁ ရက်က စတင်ပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
စိုက်စရိတ်ချေးငွေအပေါ်မှာ ကောက်ခံတဲ့ အတိုးနှုန်းကို အရင် ၇ ရာခိုင်နှုန်း သတ်မှတ်ထားရာက ၅ ရာခိုင်နှုန်းလျှော့ချ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
ဘဏ်မှာ တောင်သူလယ်သမားတွေနဲ့ ကျေးလက်နေပြည်သူတွေက အပ်နှံတဲ့ စုဆောင်းအပ်ငွေတွေအပေါ်မှာလည်း ဘဏ်ကပေးတဲ့ အတိုးနှုန်းကိုအရင် ၆ ဒသမ ၅ ရာခိုင်နှုန်း ကနေ တစ်နှစ်ကို ၅ ရာခိုင်နှုန်းကို ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
ဒါ့အပြင် ချေးငွေနောက်ဆုံးပေးဆပ်ဖို့ သတ်မှတ်ကာလကျော်လွန်ရင် ကောက်ခံတဲ့ ဒဏ်တိုးနှုန်းကိုလည်း အရင်ပေးဆပ်ငွေရင်း ကျပ် ၁၀၀ ကို တစ်လ ၁ ကျပ်နှုန်း သတ်မှတ်ထားရာကနေ (၅၀) ပြားနှုန်းကို ပြင်ဆင်ကောက်ခံသွားမှာဖြစ်ပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ စိုက်ပျိုးစရိတ်ချေးငွေကို ဧပြီ ၁ ရက်ကနေ့ကလည်း ယခင် ၈ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပါတယ်။
စိုးချစ်ပိုင်